International News

အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ အကောက်ခွန်နှုန်းများ တိုးမြှင့်သတ်မှတ်မည်ဆိုပါက ဂျပန်နိုင်ငံ၏ ပို့ကုန်များအပေါ် သိသာစွာသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်

Last Updated:

အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် ဒေါ်နယ်ထရန့်ကို ရွေးချယ်လိုက်ခြင်းသည် ဂျပန် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုအတွက် ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း    ၁၁-၁၁-၂၀၂၄ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Trump Tariff could have a significant impact on Japanese exports” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည့် ဒေါ်နယ်ထရန့်သည် အမေရိကန်နိုင်ငံသို့ တင်သွင်း လာမည့် ကုန်စည် အားလုံးအပေါ် အကောက်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်သွားမည် ဖြစ်ကြောင်းနှင့်တရုတ်နိုင်ငံမှ တင်သွင်းလာမည့်ကုန်စည်များ အပေါ် ၆၀ ရာခိုင်နှုန်း အကောက်ခွန် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း မဲဆွယ် စည်းရုံးစဉ်က ကတိပြုပြောကြားခဲ့ကြောင်း၊ ထိုသို့ ကုန်သွယ်ရေးမူဝါဒများ ပြောင်းလဲလာ မည်ဆိုပါက ဂျပန်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍကို ဆိုးရွားစွာ ထိခိုက်စေနိုင် မည် ဖြစ်ကြောင်း၊ ထို့အတူ မက္ကဆီကိုနိုင်ငံမှ တင်သွင်းလာမည့် မော်တော်ယာဉ်များကို ၁၀၀ ရာခိုင်နှုန်း အကောက်ခွန် ကောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားထားခြင်းသည် မက္ကဆီကို နိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်၍ အမေရိကန်သို့ တင်ပို့ရောင်းချလျက်ရှိသော ဂျပန်ကုမ္ပဏီများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

ဂျပန်ကုမ္ပဏီများအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှစတင်၍ မြောက်အမေရိကတွင် မော်တော်ယာဉ်ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့်လည်း လက်ရှိတွင် အမေရိကန်သို့ မော်တော်ယာဉ်အမြောက်အများ တင်ပို့လျက် ရှိကြောင်း၊ ဂျပန် နိုင်ငံအနေဖြင့် လက်ရှိတွင် ယန်း ၁၃ ထရီလီယံ တန်ဖိုးရှိ မော်တော်ယာဉ်များကို နှစ်စဉ်တင်ပို့လျက်ရှိပြီး၊ တင်ပို့မှု၏  ၃ ပုံ ၁ ပုံမှာ အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသို့ ယန်း ၄.၈ ထရီလီယံ တန်ဖိုးရှိ မော်တော်ယာဉ်အစီးရေ ၁.၅ သန်း တင်ပို့ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်နိုင်မှုပမာဏမှာ အစီးရေ ၅ သန်းရှိကြောင်း၊ မြောက်အမေရိက တွင် မော်တော်ယာဉ် အစီးရေ ၁၆ သန်း ထုတ်လုပ်လျက်ရှိပြီး၊ အဆိုပါ ပမာဏမှာ ဂျပန်နိုင်ငံရှိ ထုတ်လုပ်မှုပမာဏ၏ ၃ ဆကျော်ရှိသည့်အတွက် အလွန်အရေးပါလျက် ရှိကြောင်း၊ ဟွန်ဒါကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ အနေဖြင့် အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် ပုံသေအကောက်ခွန်တိုးမြှင့် ကောက်ခံသွားမည်ဆိုပါက အခြားသော နိုင်ငံများတွင် ပြောင်း လဲထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားကြောင်း ဖော်ပြ ထားပါသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲပြီးသည့် အချိန်မှစ၍ ဟွန်ဒါကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုးမှာ ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် အာရှဒေသတွင်း၌ ထုတ်လုပ်မှုကွန်ယက် ချိတ်ဆက်ထား သည့်အတွက် အထူးသဖြင့် ဂျပန်နိုင်ငံရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ဝယ်လို အား (Second-order Effects)လည်း သိသိသာသာ ကျဆင်းလာနိုင်မည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံတွင် အကောက်ခွန်နှုန်းများ တိုးမြှင့်သတ်မှတ်လာမည်ဆိုပါက အမေရိကန် နိုင်ငံ၏ အတိုးနှုန်းလည်း မြင့်တက်လာနိုင်ပြီး၊ အမေရိကန်ဒေါ်လာငွေဈေး တန်ဖိုး မြင့်တက် ကာ ယန်းငွေတန်ဖိုး ကျဆင်းလာနိုင်ကြောင်း ဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Category: International News