အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကို ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းဆက်လက်ထားရှိမည် ဖြစ်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်ခြင်းသည် သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒအချို့ကြောင့် ငွေကြေး ဖောင်းပွမှုကို တိုက်ဖျက်ရန် နှောင့်နှေးစေနိုင်ရာ စောင့်ကြည့်သွားမည့်မူဝါဒ (Wait-and-see policy) ကိုသာ ကျင့်သုံးမည်ဖြစ်ကြောင်းသိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလအကြား အတိုးနှုန်းလျှော့ချခဲ့ပြီးနောက်ပိုင်းတွင် အတိုးနှုန်းထပ်မံတိုးမြှင့်ခြင်းမပြုရန် အမေရိကန်ဗဟိုဘဏ်က ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် အတွင်း မည်သည့်ကာလ၌ အတိုးနှုန်းလျှော့ချရန် ဖော်ပြခြင်းမရှိသော်လည်း အတိုးနှုန်း (၂) ကြိမ် လျှော့ချရန် ခန့်မှန်းထားပါကြောင်း၊ အတိုးနှုန်းလျှော့ချရန်ဆိုင်းငံ့ခြင်းနှင့်ပတ်သက်၍ သမ္မတဒေါ်နယ် ထရမ့်က ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဗဟိုဘဏ်တို့သည် ငွေကြေးဖောင်းပွမှုပြဿနာကို ရပ်တန့်စေရန် မဆောင်ရွက်ဘဲ ငွေကြေးဖောင်းပွမှုဖြစ်လာရန် လုပ်ဆောင်လျက်ရှိကြသည်ဟု ၎င်း၏လူမှုကွန်ရက် Truth Social ၌ ရေးသားခဲ့ပါကြောင်း သိရှိရပါသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌက အတိုးနှုန်းလျှော့ချရန် သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငွေကြေး ဖောင်းပွမှုနှုန်းသည် ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ကျဆင်းလျက်ရှိသော်လည်း လက်ရှိငွေကြေး ဖောင်းပွမှုနှုန်းသည် မြင့်မားနေဆဲဖြစ်ကြောင်းသိရှိရပါသည်။ ယခုရက်သတ္တပတ်အတွင်း အတိုးနှုန်း လျှော့ချရန်ဆိုင်းငံ့ခြင်းသည် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ချမှတ်လာနိုင်သည့် သွင်းကုန်ခွန်သတ်မှတ်ကောက်ခံမည့် မူဝါဒများကြောင့်ဖြစ်ပြီး ယင်းမူဝါဒများ သည် စီးပွားရေးအပေါ် မည်သို့သက်ရောက်မည်မှာ မသေချာကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က သွင်းကုန်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ ဘဏ္ဍာရေးမူဝါဒနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဝါဒများသည် မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်ဘဲ ယခုအချိန်သည် အစပိုင်းသာဖြစ်ကြောင်းနှင့် ယင်းမူဝါဒများ၏စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေကို လေ့လာရန်အတွက် ယင်းမူဝါဒများကို အမှန်တယ်ထုတ်ဖော်ပြောကြားရန်လိုအပ်သည်ဟု ၎င်းကဆိုကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှုကို လျှော့ချရန်အတွက် အတိုးနှုန်းတိုးမြှင့်ခဲ့ရပြီး ဗဟိုဘဏ်က ယင်းအတိုးနှုန်းအတိုင်း (၁) နှစ် ခန့်စောင့်ကြည့်ခဲ့ကြောင်း၊ အလုပ်သမားဈေးကွက်ပြန်လည်ကောင်းမွန်လာသည့်အချိန်မှသာ အတိုးနှုန်းလျှော့ချခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ငွေကြေးဖောင်းပွမှုနှုန်းသည် ကျဆင်းမှုမရှိဘဲ မြင့်တက်နေကြောင်း၊ သို့ရာတွင် အစားအသောက်နှင့် စွမ်းအင် ဈေးနှုန်းများ ကျဆင်းလာခဲ့သကဲ့သို့ အိမ်ငှားစရိတ်မှာလည်း ကျဆင်းလာခဲ့ကြောင်းသိရှိရပါသည်။ ယခင်ရက်သတ္တပတ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ဓာတ်ဆီဈေးနှုန်း ကျဆင်းစေလိုပြီး စွမ်းအင် စရိတ်ကျဆင်းပါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည့်ဈေးနှုန်းလည်းကျဆင်းလာနိုင်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။