၂၀၂၄ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ လာရောက်သည့် ခရီးသွားဧည့်သည် စုစုပေါင်း ၄၄.၅ သန်း ခန့်ရှိခဲ့ရာ ယခင်နှစ်ကထက် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဟောင်ကောင်ဒေသ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း Hong kong business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် “HK visitor arrivals up to 44.5 million in 2024” ခေါင်းစဉ် ဖြင့်ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသဂိတ်များမှ ဖြတ်သန်းသွားလာသည့် ခရီးသွား ၂၉၈ သန်းရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ်ကထက် ၄၁ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။
လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် အသက် ၇ နှစ်နှင့်အထက် ကလေးများအား smart identity card ဖြင့် facial recognition နည်းပညာအသုံးပြု၍ လူဝင်မှုကြီးကြပ်ရေး ရှင်းလင်းမှုများ ကိုယ်တိုင် လုပ်ဆောင်နိုင်ရန် e-Channel ဝန်ဆောင်မှု အသုံးပြုနိုင်မည့် အသက်ကို ပြန်လည်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၅ ခုနှစ်၊ တတိယသုံးလပတ်အတွင်း ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုက်ရောက်ခန်းမ၌ e-Channel အသစ် တိုးချဲ့ရန်စီစဉ်ထားကြောင်း၊ (၁၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၊ မသန်မစွမ်းသူများအတွက် (၁၂) ကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်နှင့် (၉) ကြိမ်မြောက် အထူးအိုလံပစ်အားကစားပွဲများအတွက် အထောက်အကူဖြစ်စေရန် အထူးလူဝင်မှုကြီးကြပ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့။