တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှု အစီအစဉ် (trade-in program) သည် ၂၀၂၅ ခုနှစ် နွေဦးပွဲတော် စျေးဝယ်ရာသီတွင် အလွန်လူသိများလာခဲ့သည်။ မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက် (tablets) များနှင့် စမတ်နာရီများကို ကုန်သွယ်မှု ထောက်ပံ့ရေးအစီအစဉ် (trade-in subsidy program) တွင် သိသိသာသာတိုးချဲ့လုပ်ဆောင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ လေးရက်တာ ကာလ အတွင်း အီလက်ထရွန်နစ်ပစ္စည်း ၁၀ ဒသမ ၇၉ သန်းအတွက် ထောက်ပံ့ကြေးလျှောက်လွှာများ လက်ခံ ရရှိခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) မှ ထုတ်ပြန် ကြေညာခဲ့ သည်။ အဆိုပါအစီအစဉ်ကို ၂၀၂၄ ခုနှစ် မတ်လတွင် စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဝန်ကြီးဌာန၏ ထုတ်ပြချက်အရ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မော်တော်ယာဥ်များနှင့် အိမ်သုံးပစ္စည်း ရောင်းဝယ်မှုသည် အစီးရေ ၃၄၀၀၀ စီး နှင့် ပစ္စည်းအရေအတွက် ၁ ဒသမ ၀၄ သန်း အသီးသီးရှိခဲ့ကြောင်း သိရသည်။
နွေဦးပွဲတော် (သို့) တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံတွင် အရေးကြီးဆုံးအားလပ်ရက် တစ်ခုဖြစ်ပြီး မိသားစုပြန်လည်ဆုံဆည်းသည့် အချိန်အခါဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျရောက်ပါသည်။
ကုန်သွယ်မှုအစီအစဉ်တွင် ခိုင်မာသောပါဝင်မှုသည် အားလပ်ရက် စျေးကွက်အတွက် စားသုံးသူများ ၏ လိုအပ်ချက်ကို ဖြည့်ဆည်းမြှင့်တင် ပေးလျက်ရှိသည်။ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sheng Qiuping က အဆိုပါ ကုန်သွယ်မှုအစီအစဉ်သည် စျေးဝယ်ပရိုမိုးရှင်း ပွဲများနှင့်အတူ နွေဦးပွဲတော်ကာလ စျေးကွက်တွင် တိုးတက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခင်နှစ်ကတည်းက "အပြန်အလှန်ကုန်သွယ်မှု" (trade-in) သည် တရုတ်နိုင်ငံ၏ စားသုံးသူ ဈေးကွက်တွင် လူသုံးများလာသည့် စကားလုံးတစ်ခုဖြစ်လာ၍ လက်လီရောင်းချမှုများသည် တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး စားသုံးသူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဓာတ်ဆီသုံး ကားများနှင့် လျှပ်စစ်ကားများ အပါအဝင် ကားအစီးရေ ၆ ဒသမ ၈ သန်းကျော်ကို ကုန်သွယ်မှုအစီအစဉ် ဖြင့် ဝယ်ယူရောင်းချနိုင်ခဲ့ပြီး ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့် ကွန်ပျူတာများ ကဲ့သို့သော အိမ်သုံး လျှပ်စစ်ပစ္စည်း ၅၆ သန်းကျော်ကို ယင်းအစီအစဉ်အောက်တွင် ရောင်းချနိုင်ခဲ့သည်။ ၎င်းအပြင် လျှပ်စစ် စက်ဘီးရောင်းအားသည်လည်း အစီးရေ ၁ ဒသမ ၃၈ သန်းကျော်အထိ ရှိလာခဲ့သည်။
ကုန်သွယ်မှုအစီအစဉ်တွင် အကျုံးဝင်သော ထုတ်ကုန်များ၏ စုစုပေါင်းရောင်းချမှု တန်ဖိုးသည် ယွမ် ၁ ဒသမ ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံခန့်) ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စျေးကွက်၏ အားကောင်းမှုနှင့် ကြီးမားသော အလားအလာများကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။ အထူးသဖြင့် စွမ်းအင်သစ် မော်တော်ယာဉ်များ (NEV) နှင့် စွမ်းအင်ချွေတာနိုင်သော စက်ပစ္စည်းများ (energy-efficient appliances)၊ စမတ်ထုတ်ကုန်များနှင့် eco-friendly ထုတ်ကုန်များ ဝယ်ယူမှုသည် သိသိသာသာ မြင့်တက်လာခဲ့သည်။
ကုန်သွယ်မှုအစီအစဉ် (trade-in program) သည် စားသုံးမှုအရှိန်ကို ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့ ကြောင်း၊ ရေရှည်တည်တံ့သော စီးပွားရေးကို မြှင့်တင်ပေးလျက်ရှိပြီး စားသုံးသူများအတွက် လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း MOC မှ တာဝန်ရှိသူ Li Gang က ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း စားသုံးသူအသုံးစရိတ် (consumer spending) သည် ပို၍ အရေးပါ သော စီးပွားရေးတွန်းအားတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နောက်ဆုံး စားသုံးမှုအသုံးစရိတ်သည် စီးပွားရေးတိုးတက်မှု၏ ၄၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး GDP ကို ၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် မြှင့်တင်ပေးနိုင် ခဲ့သည်။ ယခုအခါ စားသုံးမှု (consumption) သည် စီးပွားရေးအခင်းအကျင်းကို ပုံဖော်ရာ၌ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပို့ကုန် များထက် ပိုမိုအရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နေသည်။
တရုတ်နိုင်ငံရှိ စားသုံးမှု လမ်းကြောင်းသစ်များသည် ခရီးသွားလုပ်ငန်းတွင် ပြန်လည်ရှင်သန် လာခြင်းနှင့် ဒစ်ဂျစ်တယ်ဖျော်ဖြေရေး၊ အွန်လိုင်းပညာရေးနှင့် တိုက်ရိုက်ထုတ်လွှင့်မှု e-commerce တို့ တွင် အရှိန်ဖြင့်တိုးတက်ခြင်း စသည်တို့ အပါအဝင် သိသာထင်ရှားသော အရှိန်အဟုန်ကို ဖော်ဆောင် ပေးလျက်ရှိသည်။ စွမ်းအင်သစ် မော်တော်ယာဉ်များ (NEV) နှင့် စွမ်းအင်ချွေတာနိုင်သော စက်ပစ္စည်းများ ကဲ့သို့သော အစိမ်းရောင်ထုတ်ကုန်များသည် တိုးတက်မှု နယ်ပယ်သစ်များအဖြစ် ထွက်ပေါ်လာခဲ့သည်။
၂၀၂၅ ခုနှစ်တွင် စားသုံးမှုကို ပံ့ပိုးပေးခြင်းသည် အစိုးရအတွက် ထိပ်တန်းဦးစားပေးတစ်ရပ်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော Central Economic Work Conference ၌ တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများအနေဖြင့် ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးလုပ်ဆောင် ချက်များကို ဖော်ဆောင်ရာတွင် သုံးစွဲမှုကို မြှင့်တင်ရန်နှင့် ပြည်တွင်းဝယ်လိုအားကို နယ်ပယ်အားလုံး တွင် တိုးချဲ့သွားရန် လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့ကြသည်။
စားသုံးမှုကို မြှင့်တင်နိုင်ရန် ဆက်လက်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်နိုင်ငံသည် ကုန်သွယ်မှုအစီအစဉ် (trade-in program) ကို တိုးချဲ့ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် စမတ်နာရီများ အပါအဝင် အရည်အသွေးပြည့်မီသော အိမ်သုံး ပစ္စည်းအမျိုးအစား ၈ မျိုးမှ ၁၂ မျိုးအထိ တိုးမြှင့်ပေးခဲ့သည်။ အစီအစဉ်တွင် ခရီးသည်တင်ယာဉ်များကို ပိုမိုကျယ်ပြန့်စွာ ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ယခုနှစ် အစီအစဉ်အတွက် ပထမအကြိမ် ရန်ပုံငွေ ခွဲဝေ ချထားမှုသည် ခန့်မှန်းခြေ ယွမ် ၈၁ ဘီလီယံခန့် ရှိသည်။ အစိုးရအနေဖြင့် ထောက်ပံ့ကြေးများကို စားသုံးသူ များထံ လွယ်ကူလျင်မြန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း Sheng က ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကုန်သွယ်မှုအစီအစဉ်အတွက် အစီအမံများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။ ဥပမာအားဖြင့် ရှန်းတုံးပြည်နယ် (Shandong) သည် မော်တော်ကားနှင့် စက် ပစ္စည်းများ ရောင်းဝယ်ခြင်းအတွက် ကနဦးဆောင်ရွက်ပေးမှု ၁၀ ခု ကို စတင်ဆောင်ရွက်ပေးခဲ့သည်။ ကျန်းစုပြည်နယ် (Jiangsu) သည် စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် Bluetooth နားကြပ်များ အတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ကွမ်ကျိုးပြည်နယ် (Guizhou) တွင် ထောက်ပံ့ကြေး လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ချောမွေ့စေရန်အတွက် အွန်လိုင်းပလက်ဖောင်းတစ်ခုကို တည်ထောင် ထားသည်။
၎င်းကဲ့သို့သော ထောက်ပံ့ဆောင်ရွက်မှုများသည် တရုတ် စီးပွားရေးကို ခိုင်ခန့်သော အခြေခံအုတ် မြစ်များနှင့် ကြီးမားသော အလားအလာများ၏ ပံ့ပိုးမှုဖြင့် ခိုင်မာသော ခံနိုင်ရည်အား ဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ယခုနှစ်တွင် စားသုံးသူ အသုံးစရိတ်များ ဆက်လက်တိုးတက်လာမည် ဖြစ်ကြောင်း ကျွမ်းကျင်သူ များက သုံးသပ်ခဲ့ကြသည်။
စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။