ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်ဒေါ်လာကို ကမ္ဘာ့နိုင်ငံများ၏ အရန်ငွေ အဖြစ်ထားရှိခြင်းမှ လျှော့ချခံမည်ကို ကာကွယ်လျက်ရှိကြောင်း၊ ၎င်းက “အကယ်၍ ဒေါ်လာသည် ကမ္ဘာသုံးငွေကြေးအဖြစ်မှ လျှော့ချခံရပါက ယင်းသည်စစ်ပွဲတစ်ခုကို ရှုူံးသကဲ့သို့ဖြစ်သည်”ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ယခင်ရက်သတ္တပတ်အတွင်း ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ ဦးဆောင်ပါဝင်သည့် BRICS အဖွဲ့က ဒေါ်လာအစားထိုးမည့် အခြားငွေကြေးတစ်ခု လုပ်ဆောင်မည်ဆို လျှင် ယင်းနိုင်ငံများကို အကောက်ခွန်နှုန်း (၁၀၀) ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။ BRICS ငွေကြေးအသုံးပြုရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးသည့် အဆင့်၌သာရှိသဖြင့် ယင်းသို့ပြောကြားခြင်းသည် စောလွန်းကြောင်း၊ သို့ရာတွင် ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၏ စီးပွားရေးအင်အားကိုဖော်ရန် အမေရိကန်ဒေါ်လာသည် နည်းလမ်းတစ်ခုဖြစ်ပြီး ဘဏ္ဍာရေးအရကန့်သတ်ပိတ်ဆို့မှု အများအပြားချမှတ်ခြင်းသည် အခြားနိုင်ငံများအား ဒေါ်လာ အသုံးပြုမှုရှောင်ရှားရန် တွန်းအားပေးရာရောက်ကြောင်း၊ အကောက်ခွန်သတ်မှတ်ကောက်ခံခြင်း သည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်များ အောင်မြင်ရန်အတွက် ထိခိုက်မှု နည်းပြီး ပြောင်းလွယ်ပြင်လွယ်ရှိသည့် နည်းလမ်းဖြစ်သည်ဟုလည်း ဆိုကြောင်း၊ ဒေါ်နယ်ထရမ့်၏ အယူအဆကို သက်သေအထောက်အထားဖြင့် ဆန်းစစ်လေ့လာမှုမပြုလုပ်ရသေးသော်လည်း ကန့်သတ်ပိတ်ဆို့မှုများကြောင့် ရုရှားနိုင်ငံက ယူကရိန်းမှမစွန့်ခွာသကဲ့သို့၊ ဗင်နီဇွဲလားသမ္မတ Mr. Nicolás Maduro က အာဏာရယူထားဆဲဖြစ်ပြီး အီရန်ကလည်း နျူးကလီးယားလက်နက်ထုတ်လုပ် သည့်အစီအစဉ်ကို မစွန့်လွှတ်သေးကြောင်း၊ ဒေါ်လာငွေကြေးသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ တည်ငြိမ်မှုနှင့် အရွယ်အစားတို့ကြောင့်လည်းကောင်း၊ ဘဏ္ဍာရေးစနစ်ကြောင့်လည်းကောင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အသုံးများသည့်ငွေကြေးစနစ်တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံ/ ရင်းနှီးမြှုပ်နှံသူတစ်ဦးကို ၎င်း၏ဘဏ္ဍာရေး စနစ်ကို အသုံးပြုခွင့်မရရှိစေရန် ဖြတ်တောက်ခြင်းဖြင့် အင်အားချိနဲ့အောင် လုပ်ဆောင်နိုင်ရာ လက်ရှိ တွင်လည်း အမေရိကန်နိုင်ငံသည် အခြားနိုင်ငံ/ပုဂ္ဂိုလ်တစ်ဦးဦးအား ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း သို့မဟုတ် ကန့်သတ်ပိတ်ဆို့ထားသည့်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ကြောင့် ကန့်သတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလျက်ရှိပါကြောင်း၊ လက်ရှိတွင် အမေရိကန် နိုင်ငံသည် ကန့်သတ်ပိတ်ဆို့မှုချမှတ်ခဲ့ခြင်း အကြိမ်ရေ (၁၇,၀၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဆိုင်ရာရာဇဝတ်မှုတိုက်ဖျက်ရေးကွန်ရက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းဟောင်းနှင့် Atlantic Council မှ Ms. Kimberly Donovan က ကန့်သတ်ပိတ်ဆို့မှု အများ အပြားချမှတ်ခြင်းကြောင့် အမျိုးလုံခြုံရေးကိုကာကွယ်သည့်နည်းလမ်းအဖြစ် ဒေါ်လာကိုအသုံးပြုရာ တွင် အန္တရာယ်ရှိလာပြီး အကောက်ခွန်သည် ပို၍မဟာဗျူဟာကျသည့် နည်းလမ်းတစ်ရပ်လည်း ဖြစ်နိုင်သည်ဟုဆိုကြောင်း သိရှိရပါသည်။
မိတ်ဖက်နိုင်ငံများအပေါ် အကောက်ခွန်ကောက်ခံမည့်နည်းလမ်းကို အသုံးပြုနိုင်သော်လည်း ကန့်သတ်ပိတ်ဆို့မှု ချမှတ်သည့်နည်းလမ်းကို မပြုလုပ်နိုင်ကြောင်း၊ ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်က ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရွေးချယ်ထားသည့် Mr. Scott Bessent က အကောက်ခွန်သည် မိတ်ဖက်နိုင်ငံများအား မိမိကိုယ်ကိုကာကွယ်ရန်၊ အမေရိကန်ပို့ကုန်များကို နိုင်ငံခြားဈေးကွက်သို့ ဝင်ရောက်နိုင်ရန်၊ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်မှုကိုအဆုံးသတ်ရန်နှင့် Fentanyl မူးယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုကိုတားမြစ်ရန် သို့မဟုတ် စစ်ရေးအရရန်လိုမှုများကိုကာကွယ်ရန် အသုံးဝင် သည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်က ကန့်သတ်ပိတ်ဆို့မှုချမှတ်ခြင်းသည် ဒေါ်လာကိုယ်စားပြုမှုကို အဆုံးသတ်ရာ ရောက်သဖြင့် ကန့်သတ်ပိတ်ဆို့မှုချမှတ်ခြင်းကို နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်မည်ဟု ဆိုကြောင်း၊ အမေရိကန်ဒေါ်လာသည် ကမ္ဘာ့နိုင်ငံခြားအရန်ငွေ၏ (၅၈) ရာခိုင်နှုန်း၊ ပို့ကုန်စာရင်း ရှင်းလင်းရာတွင် သုံးသည့်ပြေစာအားလုံး၏ (၅၄) ရာခိုင်နှုန်းနှင့် နိုင်ငံခြားလွှဲငွေ၏ (၈၈) ရာခိုင်နှုန်းကို ကိုယ်စားပြု ကြောင်း သိရှိရပါသည်။
အကောက်ခွန်ကောက်ခံမည့်နည်းလမ်းသည် ကန့်သတ်ပိတ်ဆို့မှုနည်းလမ်းကဲ့သို့ ဆိုးကျိုးများ ရှိနိုင်ပြီး ကုန်သွယ်မှုကို ကျဆင်းစေနိုင်ကြောင်း၊ အကောက်ခွန်ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံ၌ လည်း ဈေးနှုန်းများမြင့်တက်နိုင်သကဲ့သို့ ကုန်ထုတ်လုပ်မှု ပြတ်တောက်ခြင်းနှင့် အမေရိကန်နိုင်ငံ၏ အကောက်ခွန်တိုးမြှင့်မှုအပေါ် သက်ဆိုင်ရာနိုင်ငံဘက်ကလည်း တုံ့ပြန်မှုများ ပြုလုပ်လာနိုင်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။