International News

စစ်တမ်းကပိုမိုကောင်းမွန်သောမဟာဗျူဟာလိုအပ်ကြောင်းဖေါ်ပြ

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ဖွံ့ဖြိုတိုးတက်မှုမဟာဗျူဟာကို ကောင်းမွန်စွာပြန်လည် ညိှနှိုင်းရန်နှင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအပြီးတွင်  ရာဘာလက်အိတ်များ၊ ဖြည့်စွက်ဆေးများနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းကရိယာများကဲ့သို့သော ကျန်းမာရေးဆိုင်ရာထုတ်ကုန်များအတွက် ထုတ်လုပ်မှုအချက်အခြာ Hub for Health Products အဖြစ် နိုင်ငံအားမြှင့်တင်ရန် အာရုံစူးစိုက် လုပ်ဆောင်ရန် အကြံပြုတိုက်တွန်းထားကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလေ့လာရေးဌာန၏ ဒါရိုက်တာ Aat Pisanwanich ကပြောကြားခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ နိုင်ငံခြားနှင့် ထိုင်းရင်းနှီးမြှုပ်နှံသူ(၂၀၀)ကို နောက်ဆုံးစစ်တမ်းကောက်ယူမှုက ရလဒ်ကောင်းများ ထွက်ပေါ်စေခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။

စစ်တမ်းကောက်ယူမှုအရ ထိုင်းနိုင်ငံအနေဖြင့် လုပ်အားခနှင့် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးပေးမှုကို ကြည့်ပါက အိမ်နီးချင်း နိုင်ငံများနှင့်  အာဆီယံနိုင်ငံများကိုယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ်နိုင်ငံကဲ့သို့သော နိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံ ထက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများပိုပေးခြင်းဖြင့် ပိုမိုဆွဲဆောင်ထားနိုင်ကြောင်း Mr.Aat ကပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားတွင် တစ်နေ့အနည်းဆုံးလုပ်ခမှာ ဘတ်ငွေ(၂၈၅-၃၀၀)ရှိပြီး၊ လာအိုတွင် ဘတ်ငွေ (၁၇၀) ၊ မြန်မာနိုင်ငံတွင် ဘတ်ငွေ(၁၀၀)၊ အင်ဒိုနီးရှားတွင် ဘတ်ငွေ(၁၆၈-၄၂၀)နှင့် ဖိလစ်ပိုင်တွင် ဘတ်ငွေ(၃၀၀-၃၂၀)ရှိပြီး ထိုင်းနိုင်ငံတွင် ဘတ်ငွေ(၃၁၃-၃၃၆)ဖြစ်ပါသည်။ ထိုင်းနိုင်ငံအ နေဖြင့်ထုတ်ကုန်များစွာတို့အတွက် အမေရိကန်နှင့်အီးယူတို့မှ ပေးထားသောကုန်သွယ်မှုဆိုင်ရာအထူးအခွင့် အရေး Generalized System of Preferences (GSP) အား ပြန်လည်ဖယ်ရှားခြင်း ခံခဲ့ရပါသည်။ စစ်တမ်း၏တွေ့ရှိချက်အရ နိုင်ငံခြား ကုမ္ပဏီလုပ်ငန်းများ အနေဖြင့် အနည်းဆုံး စီမံကိန်းအရေအတွက်အရ ကပ်ရောဂါအပြီးတွင် ၎င်းတို့၏ ထုတ်လုပ်မှုအခြေစိုက်စခန်းများကို ဗီယက်နမ်နှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံသို့ ရွှေ့ပြောင်း ကြရန်ရွေးချယ်ကြမည်ဖြစ်ကြောင်း၊ ၎င်းနှစ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံထက် လုပ်အားခနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုမိုကောင်းမွန်သော ဆွဲဆောင် မှုများတွင် ပိုမိုအားသာချက်ရှိခြင်းကြောင့်ဖြစ်ကြောင်း Mr.Aat ကပြောကြားခဲ့ပါသည်။  အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် ၎င်း၏ နယ်စပ်အား သာချက်ကြောင့် တရုတ်နိုင်ငံမှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ထားနိုင်ခြင်းဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်းကိုယ်တိုင်က ဗီယက်နမ်နိုင်ငံ၏ ထုတ်လုပ်မှုကို midstream မှနေ၍ Downsteam Processing သို့ ကူးပြောင်းရန် အရှိန်မြှင့်တင် ဆောင်ရွက်နေချိန်လည်း ဖြစ်ပါသည်။

Mr.Aat ၏ပြောကြားချက်အရ ထိုင်းနိုင်ငံအနေဖြင့် အားနည်းချက်များမှာ လုပ်အားခမြင့်တက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ကြောင်း၊ ၎င်းတို့က အုပ်ချုပ်ရေးဆိုင်ရာအကြား အလပ်ကိုဖြစ်ပေါ်စေပါသည်။ ထိုင်းနိုင်ငံ၏ အားသာချက်မှာ ကျွမ်းကျင်လုပ်သား၊ ကောင်းမွန်သော အခြေခံ အဆောက်အဉီနှင့် အဆင့်မြင့်ထုတ်လုပ်မှုလုပ်ငန်းများရှိခြင်းတို့ ဖြစ်ပါသည်။ မိမိတို့၏တွေ့ရှိချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းရာတွင် ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာမက်လုံးများနှင့် အထူးအခွင့်အရေးများ၊ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ထုတ်လုပ်မှုကုန်ကျ စရိတ်နှင့် အထောက်အကူပြု ဉပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပိုမို၍ အာရုံစိုက်ကြကြောင်း၊ ၎င်းတို့က ပို့ကုန်-သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အဆင်ပြေလွယ်ကူစေကြောင်း၊ အလားတူ တိုးတက်မှုဆိုင်ရာ အချက်အလက်များနှင့် ကျန်းမာရေးနှင့် လုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုများကို ပိုမိုအလေးထားအာရုံစိုက်ကြကြောင်း Mr.Aat ကပြောကြားခဲ့ပါသည်။

၎င်းက တရုတ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အထူးသဖြင့် အီလက်ထရောနစ်နှင့် အိုင်တီကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရာတွင် ထိုင်းနိုင်ငံ အား ပိုမိုတက်ကြွစွာရှိနေမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ရုံးအသုံးအဆောင်ပစ္စည်းများ နှင့် လေအေးပေးစက်များကို ပိုမိုအာရုံစိုက်လိမ့်မည် ဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံအနေဖြင့် hard-disk drive များ အပိုင်းကို အထူးအလေးထားကြောင်း ပြောကြားခဲ့ပါသည်။

Mr.Aat က Covid-19 ဒုတိယလှိုင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ထိုင်းနိုင်ငံတွင် ယခုနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ မိမိတို့အနေဖြင့် လာမည့်နှစ်အစောပိုင်းတွင် ကာကွယ်ဆေးပေါ်ပေါက်မည်ဆိုပါက နောက်နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ထိုင်းနိုင်ငံအနေဖြင့် ရော်ဘာ လက်အိတ်များ၊ ဖြည့်စွက်အစားအစာများ၊ ကျန်းမာရေး နှင့်ဆက်စပ်သော စက်မှုလုပ်ငန်းများအားမြှင့်တင်ရန်  အခွင့်အရေးကိုရယူသင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါ သည်။

 

Source:Bangkok Post

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News