ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်းမတ်ပဲဈေးနှုန်း

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများသည် ယခင်သီတင်းပါတ်ကာလမှာကဲ့သို့ မေလ ဒုတိယပါတ်အတွင်းတွင်လည်း တစ်တင်းလျှင် ကျပ် ၃၀၀၀၀ ဝန်းကျင်ဖြင့် ဆက်လက်တည်ငြိမ်နေခဲ့သည်။ မေလ ၇ ရက် ၈ ရက် ကာလများတွင် ကျပ် ၃၀၅၀၀ ဝန်းကျင်ရှိခဲ့ပြီး မေလ ၉၊ ၁၀၊ ၁၁ ရက်များတွင် ကျပ် ၃၀၀၀၀ မှ ၃၀၂၀၀ ဝန်းကျင်သို့ အနည်းငယ်ကျဆင်းလာသည်။ ဧရာဝတီတိုင်းဒေသကြီး၏ အချို့ မြို့နယ်များတွင် ကျပ် ၂၉၀၀၀ နှင့် ၃၀၀၀၀ ကြားထိ ကျဆင်းခဲ့သည်။ မေ ၁၂ ၊ ၁၃ ရက်များတွင် ကျပ် ၃၀၇၀၀ နှင့် ၃၀၉၀၀ သို့ပြန်လည်မြင့်တက်လာပြီး မေ ၁၃ ရက်နေ့ ညနေအပိတ်ဈေး ကျပ် ၃၁၂၀၀ ထိ ရောက်ရှိလာခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံမှ မတ်ပဲတင်သွင်းခွင့်ကိုတာ တန်ချိန် (၂.၅)သန်းကို ယခင်က ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားတင်ပို့ရန် သတ်မှတ်ခဲ့သော်လည်း Covid 19 ကူးစက်ရောဂါကာလဖြစ်သောကြောင့် အိန္ဒိယနိုင်ငံဆိပ်ကမ်းသို့ မေလ ၁၅ ရက်နေ့အရောက် တင်ပို့ရန် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။ ယခုအခါ မတ်ပဲတင်သွင်းခွင့်ကာလကို မေလ ၃၁ ရက်နေ့ထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်သည်။

ယခင်သီတင်းပါတ်ကာလများတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းဆိုးရွားစွာ ကျဆင်းခြင်းမရှိခဲ့သော်လည်း ဈေးနှုန်းတည်ငြိမ်လျှက် အရောင်းအဝယ်အေးနေခဲ့သည်။ Covid 19 ကြောင့် Stay Home ကာလများအတွင်း ကုန်စည်ဒိုင်အချို့ ပိတ်ထားပြီး Online မှသာ အရောင်းအဝယ်ပြုလုပ် ကြသဖြင့် ပုံမှန်ကာလများလောက်အရောင်းအဝယ်မသွက်ခဲ့ပေ။ အချို့တောင်သူများလက်ဝယ်တွင် မတ်ပဲ လက်ကျန်နည်းပါးနေပြီဖြစ်သော်လည်း၊ အိန္ဒိယနိုင်ငံ၏ လက်ရှိမတ်ပဲလိုအပ်ချက်ကို သိရှိနေကြသဖြင့် အချို့ တောင်သူများနှင့် မတ်ပဲကုန်သည်များသည် မတ်ပဲဈေးအတက်ကို စောင့်မျှော်ရောင်းချရန် ရည်ရွယ်ထား ကြောင်း သိရသည်။