International News

တိရစ္ဆာန်မွေးမြူထုတ်လုပ်ခြင်းအမှတ်တံဆိပ်ဆိုင်ရာအက်ဥပဒေမူကြမ်းကို အတည်ပြုချမှတ်ခြင်း

Last Updated:

ဂျာမန်အစိုးရအဖွဲ့အစည်းအဝေးက ဂျာမန်စားသုံးသူများအနေဖြင့် မွေးမြူထုတ်လုပ်ထားသော အသားများဝယ်ယူစားသုံးရာတွင် တိရစ္ဆာန်များကို မွေးမြူထားရှိပုံ နည်းလမ်းများကိုသိရှိနိုင်စေရန် ရည်ရွယ်၍ တိရစ္ဆာန်မွေးမြူထုတ်လုပ်ခြင်းအမှတ်တံဆိပ်ဆိုင်ရာ (Animal Husbandry Labelling) အက်ဥပဒေမူကြမ်းကို ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်းက အတည်ပြုချမှတ်ပေးခဲ့ပါသည်။

ဖက်ဒရယ်အစားအစာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန (Federal Ministry of Food and Agriculture-BMEL)သည် ဂျာမနီနိုင်ငံတွင် မူလအခြေစိုက်မွေးမြူထုတ်လုပ်သော အသားထုတ်ကုန် အစားအစာများအတွက် ပွင့်လင်းမြင်သာမှုရှိပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် တိရစ္ဆာန်မွေးမြူ ထုတ်လုပ်ခြင်းအမှတ်တံဆိပ်စနစ် ဖြစ်ပေါ်လာစေရန် တာဝန်ယူလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍ အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် အခြားပြင်ပနိုင်ငံများမှ တင်သွင်းလာသည့်အသားထုတ်ကုန်များတွင်လည်း အဆိုပါအမှတ်တံဆိပ်စနစ်များကို ၎င်းတို့ဆန္ဒအလျောက် (voluntary option ) အနေဖြင့် ကျင့်သုံးလာစေရန်အက် ဥပဒေမူကြမ်းချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မကုန်မီတွင် ဥပဒေပြုရေးလုပ်ငန်းအစီအစဉ်များကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။  ပထမအဆင့်အနေဖြင့် ဝက်သားလတ်ဆတ်နှင့်   အေးခဲ လက်လီ၊ လက်ကားစားသောက်ကုန်လုပ်ငန်းများ၊ ဝန်ဆောင်မှုကောင်တာများ၊ အထူးအရောင်းဆိုင်များ၊ အွန်လိုင်းရောင်းချမှုများတွင် အမှတ်တံဆိပ်စနစ်ကို စတင်မည်ဖြစ်ပြီး ဆက်လက်၍ အခြားအသားအမျိုးအစားများနှင့် ထုတ်ကုန်များ၊စားသောက်ဆိုင်များ၊ စားသောက်ကုန်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြုပြင်ထုတ်လုပ်လုပ်ငန်းများအတွက် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စားသုံးသူများအနေဖြင့်  ထုတ်ကုန်များရှိ labelling ကို ကြည့်ရှု၍ တိရစ္ဆာန်ဆန်များကို အသားတိုးဆောင်ရွက်နေသည့်ကာလအတွင်းမွေးမြူထားသိုပုံကို နားလည်သိရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ထို့ပြင်labellingသည် မွေးမြူရေးကာလအတွင်း အဆင့် (၅)ဆင့်ဖြစ်သည့် အိမ်ခြံတွင်းမွေးမြူခြင်း (Indoor housing)၊အိမ်ခြံတွင်းနှင့်ပြင်ပ စားကျက်များတွင်မွေးမြူခြင်း (indoor+space)၊အိမ်ခြံတွင်းတွင် ပြင်ပလေရရှိသည့်အခြေအနေ၌ မွေးမြူခြင်း(indoor with fresh air)၊ ပြင်ပစားကျက်နေရာများတွင် ထားရှိထိန်းကျောင်း ခြင်း(outdoor runs/free-range)နှင့်အော်ဂဲနစ်မွေးမြူရေး(organic) အဆင့်များတို့တွင် သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီမှု ရှိ၊ မရှိကိုလည်း သေချာစွာခွဲခြားနားလည်စေရန် ဆောင်ရွက်ထားရှိပါသည်။

အဆိုပါ labelling စနစ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးလယ်သမားများအနေဖြင့် တိရစ္ဆာန်များမွေးမြူထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်အတွက် ရန်ပုံငွေအထောက်အပံ့ရရှိနိုင်မည်ဖြစ်ပါသည်။ အစားအစာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန (BMEL) က တိရစ္ဆာန်များ မွေးမြူရေးလုပ်ငန်းစဉ်များပိုမိုကောင်းမွန်ရေး၊ ပတ်ဝန်းကျင် ပြောင်းလဲမှုကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု ဒဏ်လျော့ကျရေးဆိုင်ရာများ ဆောင်ရွက်နေသည့် အကူးအပြောင်းကာလအတွင်း လယ်သမားများအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.bmel.de/EN/topics/animals/animal-welfare/state-run-animal-welfare-label-pigs.html

 

Category: International News