International News

ပြည်ပတင်ပို့သူများအနေဖြင့်ပိုမိုအားကောင်းခိုင်မာသောပို့ကုန်တိုးတက်မှုကိုမျှော်လင့်လျှက်ရှိခြင်း

Last Updated:

ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးပြန်လည်ဉီးမော့လာမှုကြောင့် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုအနေဖြင့် လာမည့်နှစ်တွင် (၈%) အထိတိုးတက်နိုင်ကြောင်း ထိုင်းသင်္ဘော တင်အုပ်စုက ယုံကြည်လျှက်ရှိနေကြောင်း၊ သို့ရာတွင် အသစ်ပျံ့နှံ့လျှက်ရှိသော အိုမီခရွန်ဗိုင်းရပ်စ်ပျံ့နှံ့မှု၊ ကုန်ထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှု၊ ကုန်စည်ပို့ဆောင်ခမြင့် မားမှု၊ သင်္ဘောတင်နေရာနှင့် ကွန်တိန်နာ မလုံလောက်မှု၊ လန်ချာဘန်နှင့် ဗန်ကောက်ဆိပ်ကမ်းများတွင် ပိတ်ဆို့မှု စသည့်စိန်ခေါ်မှုများလည်း ရှိနေကြောင်းသိရှိရပါ သည်။

ထိုင်းအမျိုးသားသင်္ဘောတင်ကောင်စီ (TNSC) ဉက္ကဌ Chaichan Chareonsuk က အဆိုပါ အုပ်စုအနေဖြင့် လာမည့်နှစ်တွင် ထိုင်းပို့ကုန်များတင်ပို့မှုအနေဖြင့် (၅%) မှ (၈%) တိုးတက်ရန် မျှော်လင့်လျှက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများအနေဖြင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဆိုပါက (၈%) တိုးတက်မှု မှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအုပ်စုအနေဖြင့် ထိုင်းစီးပွားရေးကို မထိခိုက်စေရန်အတွက် တည်ငြိမ်သော ငွေလဲနှုန်းကို ထိန်းသိမ်းထားပေးရန်၊ နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးအတွက် တစ်နေရာတည်းတွင် အပြီးဆောင်ရွက်ပေးသည့် One Stop  Service Centre ကို ထူထောင်ပေးရန်အစိုးရကို တောင်းဆိုထားကြောင်း သိရှိရပါသည်။

TNSC အနေဖြင့် ယခုနှစ်ပထမ (၁၀) လ၏ ခိုင်မာသောရလဒ်များကြောင့် ယခင်လက ခန့်မှန်းခဲ့သည့် ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှု (၁၃% - ၁၄%) အား (၁၅%) သို့ မြှင့်တင်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလတွင် အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၂၂.၇) ဘီလီယံရှိပြီး (၃၂.၉၈%) တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၃၄.၆%) တိုးတက်ခဲ့ပြီး  အမေရိကန်ဒေါ်လာ (၂၃.၁၀) ဘီလီယံရှိကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ (၃၇၀) သန်းရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

ပို့ကုန်တိုးတက်မှုမှာ (၈) လမြောက် ဆက်တိုက် ပို့ကုန်တိုးတက်မှုဖြစ်ကြောင်း၊ ဖေဖေါ်ဝါရီလတွင် ပို့ကုန် (၂.၅၉%) ကျဆင်းခဲ့ပြီးသည့်နောက်၊ မတ်လတွင် (၈.၄၇%)၊ ဧပြီတွင် (၁၃.၁%)၊ မေလတွင် (၄၁.၆%) နှင့် ဇွန်လတွင် (၄၃.၈%)၊ ဇူလိုင်လတွင် (၂၀.၃%)၊ ဩဂုတ်လတွင် (၈.၃၉%)၊ စက်တင်ဘာလတွင် (၁၇.၁%) တိုးတက်ခဲ့ပြီး နောက် အောက်တိုဘာလတွင် (၈) မြောက်လအဖြစ် ဆက်တိုက်တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ရွှေ၊ ရေနံနှင့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်တို့မပါဝင်ဘဲ အခြားပို့ကုန်ပစ္စည်းများတင်ပို့မှုအနေဖြင့် ဩဂုတ်လတွင် (၁၉.၄%) နှင့် စက်တင်ဘာလတွင် (၁၄.၈%) တိုး တက်ခဲ့ပြီးနောက် အောက်တိုဘာလတွင် (၁၂.၂%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်ပထမ (၁၀) လအတွက် ပို့ကုန်တင်ပို့မှုမှာ (၁၅.၇%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂၃) ဘီလီယံရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာ (၃၁.၃%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂၁) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁.၆၄) ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)                                                                                         

 

Source: Bangkok Post

Category: International News