Local News

မတ်ပဲစျေးဆက်တိုက်ကျဆင်း

Last Updated:

ယခင်သီတင်းပတ်ကာလ အောက်တိုဘာလ ၄ ရက်နေ့မှစတင်ကာ မတ်ပဲစျေးနှုန်းများသိသိသာသာပြန်လည်ကျဆင်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မတ်ပဲအဝယ်ဒိုင်များ၏ အရောင်းအဝယ်ပေါက်စျေး တစ်တင်းလျှင် ကျပ် ၅၄၀၀၀ ထိကျဆင်းခဲ့သည်။

ဆက်လက်၍နေ့စဥ် အနည်းငယ်စီစျေးနှုန်းများ ဆက်တိုက်ကျဆင်းလာခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် ကျပ် ၅၆၅၀၀၊ ၈ ရက်နေ့တွင် ကျပ် ၅၅၅၀၀၊ ၉ ရက်နေ့တွင် ကျပ် ၅၄၀၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၅၃၀၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၄၉၅၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၅၀၀၀၀၊ ၁၃ ရက်နေ့တွင် ကျပ် ၄၇၀၀၀ အသီးသီးဖြစ်သည်။

လက်ရှိ မတ်ပဲ FAQ ၏ FOB စျေးနှုန်းသည် $800-820 ဖြစ်သည်။ မြန်မာငွေကြေးစျေးနှုန်းသည် ၁ဒေါ်လာလျှင် ကျပ် ၁၉၅၀-၂၀၀၀ ဖြစ်ပြီး ဒေါ်လာငွေစျေးကျဆင်းခြင်းနှင့်အတူ မတ်ပဲစျေးနှုန်းများလည်း လိုက်ပါကျဆင်းလာခြင်းဖြစ်သည်။ အဓိကဝယ်လက် အိမ်နီးချင်းနိုင်ငံတွင်လည်း ယခင်သီတင်းပတ်ကာလတွင် ပဲခွဲစက်များအဝယ်နည်းသဖြင့် မတ်ပဲစျေးအနည်းငယ်ပြန်လည်ကျဆင်းခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစိုက်ပျိုးသော မတ်ပဲအသစ်များစျေးကွက်အတွင်းဝင်လာနေပြီး ယခင်မတ်ပဲလက်ကျန်ဟောင်းများကိုလည်း အစိုးရက လျှော့စျေးဖြင့် ထုတ်ရောင်းလာနေသည်။ သို့သော် အိန္ဒိယအစိုးရသည် ပြည်တွင်းပဲဖူလုံမှုအတွက် မြန်မာအပါအဝင် အခြားနိုင်ငံများနှင့် အာဖရိကမှပင် ပဲတင်သွင်းရန်ကြိုးစားလာနေသည်။

ရာသီဥတုအခြေအနေအရ မတ်ပဲအသစ်များအရည်အသွေးကျဆင်းခြင်း ၊ ထွက်နှုန်းကျဆင်းခြင်းများဖြစ်ပေါ်လျှက်ရှိပြီး၊ ယခုဆက်လက်ရိတ်သိမ်းနေသော ပဲစိုက်ဧရိယာများတွင် ရာသီဥတုပုံမှန်ပြန်ဖြစ်မှသာလျှင် ထွက်နှုန်းနှင့် အရည်အသွေးကိုကောင်းစွာမျှော်လင့်နိုင်ပြီး ပြည်တွင်းပဲစျေးကိုထိန်းထားနိုင်မည်ဖြစ်သည်။

ယခင်မှတ်တမ်းများအရ အိန္ဒိယနိုင်ငံတွင် ယခုနှစ်ကဲ့သို့ ပဲအထွက်နှုန်းနှင့်အရည်အသွေး ကျဆင်းသောနှစ်များတွင် မတ်ပဲ FOB စျေးနှုန်း $900 ဖြစ်ခဲ့ပြီး အိန္ဒိယသည် မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ကို ဒီဇင်ဘာလအထိထပ်တိုးခွင့်ပြုထားသဖြင့် မတ်ပဲလက်ကျန်နည်းပါးလျှက်ရိသောမြန်မာတောင်သူများနှင့် ကုန်သည်များအတွက် ပြည်တွင်းငွေကြေးစျေးနှုန်းအလိုက် မတ်ပဲစျေးပြန်တက်လာနိုင်သေးကြောင်းခန့်မှန်းရပါသည်။

Category: Local News