Local News

မတ်ပဲဈေးဆက်တက်နေ

Last Updated:

ဧပြီလကုန်အထိ ဈေးငြိမ်နေခဲ့သော မတ်ပဲဈေးသည် မေလအတွင်းစတင်၍ တဖြည်းဖြည်း တက်လာခဲ့ရာ ယခုဇွန်လ စတုတ္ထပတ်တွင် နေ့စဥ်အတက်တွင်သာရှိနေပြီး တစ်ရက်ခြင်းစီ ဈေးနှုန်း ကွာခြားချက်လည်း မြင့်လာသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး မတ်ပဲဈေးနှုန်း များ မှာ ဇွန်လ ၂၁ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၅၃၁၀၀၊ ၂၂ ရက်နေ့တွင် ကျပ် ၅၃၀၀၀၊ ၂၃ ရက် နေ့တွင် ကျပ် ၅၂၄၀၀၊ ၂၄ ရက်နေ့တွင် ကျပ် ၅၃၂၀၀၊ ၂၅ ရက်နေ့တွင် ကျပ် ၅၃၂၀၀၊ ၂၆ ရက် နေ့တွင် ကျပ် ၅၃၈၀၀၊ ၂၇ ရက်နေ့တွင် ကျပ် ၅၄၃၀၀၊ ၂၈ ရက်နေ့တွင် ကျပ် ၅၅၅၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ မတ်ပဲအဓိကဝယ်ယူတင်သွင်းလျှက်ရှိသည့် အိန္ဒိယနိုင်ငံသည် ယခုနှစ်မိုးသီးနှံ စိုက်ပျိုးမှုတွင်လည်း စိုက်ပျိုးဧရိယာနှင့်အထွက်နှုန်းကျဆင်းနေပြီး မိုးရရှိမှုနည်းပါးသည့် ပြဿနာ နှင့်ကြုံတွေ့နေရသည်။ ထို့ကြောင့် တောင်သူများက ဝါနှင့်ပဲပုတ်ကို ပိုမိုစိုက်ပျိုးလာကြပြီး စပါးနှင့် ပဲမျိုးစုံစိုက်ပျိုးမှု ကျဆင်းနေသည်။

စိုက်ပျိုးဧရိယာကျဆင်းမှုအဆိုးရွားဆုံးမှာ ဆန်စပါးဖြစ်ပြီး မတ်ပဲနှင့်ပဲစဉ်းငုံ စိုက်ပျိုးမှုက ဒုတိယလိုက်နေသည်။ ၂၀၂၁ ဘဏ္ဍာနှစ်တွင် မတ်ပဲစိုက်ဧရိယာ ဟက်တာ .၉၄ သိန်းရှိခဲ့သော် လည်း ယခု ၂၀၂၂ ဘဏ္ဍာနှစ် မတ်ပဲစိုက်ဧရိယာ ဟက်တာသိန်းပေါင်း . ၉၃ သာရှိသည်။

မတ်ပဲစိုက်ပျိုးထုတ်လုပ်ပြီး အိန္ဒိယသို့တင်ပို့နေသည့် ပါကစ္စတန်နိုင်ငံတွင်လည်း ယခုနှစ် မတ်ပဲစိုက်ပျိုးထွက်ရှိမှု ကျဆင်းနေသည်။

မြန်မာမတ်ပဲဝယ်လိုအားကောင်းလျှက်ရှိပြီး ယခုရက်ပိုင်းအတွင်း တစ်ရက်ချင်းစီတွင် ဈေးနှုန်းကွာခြားချက် ကျပ် ၅၀၀-၁၀၀၀ တွင်ရှိပြီး ဈေးနှုန်းမြင့်တက်လျှက်ရှိသည်။ သို့သော် သတိထားရမည့်အချက်မှာ ယခုရက်ပိုင်းအတွင်း အိန္ဒိယသို့တင်သွင်းလာသည့် ဆိပ်ကမ်းရောက်ရှိ ဈေးနှုန်းထက် ပြည်တွင်းမတ်ပဲပေါက်ဈေးက ပိုနည်းနေကြောင်း လေ့လာသူများက ပြောသည်။

ပဲလိုအပ်ချက်များပြားနေသော်လည်း အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ဈေးနှုန်းထိန်းညှိရန် မူဝါဒ တစုံတရာ​ထုတ်ပြန်လာနိုင်ကြောင်း သတိချပ်ရန်လိုအပ်ပါသည်။

 

Category: Local News