Local News

မတ်ပဲဈေးဆက်လက်ကျဆင်း

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် မတ်ပဲသစ်ပေါ်စရာသီတွင် တစ်တင်းလျှင်ကျပ် ၄၀၀၀၀ အထက်ရရှိခဲ့သော်လည်း ယခင်သတင်းပတ်ကာလမှစတင်ကာ တဖြည်းဖြည်းဈေးနှုန်းကျဆင်းလာခဲ့ပြီး တစ်တင်းလျှင်ကျပ် ၄၀၀၀၀ အောက်ထိရောက်ရှိလာသည်။

တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သောမတ်ပဲဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၁၀၀၀၊ ၄ ရက်နေ့တွင် ကျပ် ၃၉၃၀၀၊ ၅ ရက်နေ့တွင် ကျပ် ၃၉၈၀၀၊ ၆ ရက်နေ့တွင် ကျပ် ၃၉၀၀၀၊ ၇ ရက်နေ့တွင် ကျပ် ၃၈၅၀၀၊ ၈ ရက်နေ့တွင် ကျပ် ၃၉၂၀၀ နှင့် ၉ရက်နေ့တွင် ကျပ် ၃၈၃၀၀ အသီးသီးဖြစ်ပါသည်။

မတ်ပဲလှိုင်လှိုင်ပေါ်သောကာလဖြစ်ပြီး ဈေးကွက်အတွင်းသို့မတ်ပဲများအလုံးအရင်းဖြင့်ဝင်ရောက်လျှက်ရှိသောကြောင့် ဈေးအနည်းငယ်ဆက်လက်ကျဆင်းနေသည်။ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ပြည်နယ်အချို့တွင် မတ်ပဲအထွက်နှုန်း ၁၂ % နီးပါးလျော့နည်းခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားကျဆင်းခဲ့သောကြောင့် ပြည်တွင်းဈေးနှုန်းကျဆင်းခဲ့ခြင်း၊ မတ်ပဲတင်သွင်းခွင့်ကာလထပ်တိုးခဲ့ခြင်းတို့ကြောင့် မတ်ပဲဈေးကျဆင်းခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၁သိန်းခွဲနှင့် ပဲစဥ်းငုံတန်ချိန် ၁ သိန်းနှစ်စဥ်ဝယ်ယူရန် ၅ နှစ်စာ MOU ရေးထိုးခဲ့သော်လည်း ယခုနှစ် မြန်မာမတ်ပဲအထွက်နှုန်း တန်ချိန် ၇ သိန်းဝန်းကျင်နှင့် ပဲစဥ်းငုံအထွက်နှုန်း တန်ချိန် ၂သိန်းခွဲ ရှိမည်ဟု ခန့်မှန်းထားပြီး ပဲတင်သွင်းခွင့်နောက်ဆုံးသတ်မှတ်ကာလ မတ်လ ၃၁ ရက်နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအစိုးရ၏ ပဲတင်သွင်းခွင့် ပေါ်လစီအပြောင်းအလဲနှင့် ကိုတာစနစ်မသေချာခြင်းများကြောင့် မြန်မာကုန်သည်များအနေဖြင့် တင်သွင်းခွင့်ကာလမတိုင်မီ အရေအတွက်အမြောက်အများတင်ပို့လိုကြသည်။ ထို့ကြောင့်လည်း မတ်ပဲဈေးနှုန်းကျဆင်းရခြင်းဖြစ်သည်ဟု AGRI World Mumbai ကခန့်မှန်းထားသည်။

သို့သော် အိန္ဒိယနိုင်ငံအတွင်း covid -19 ရောဂါကူးစက်မှုအခြေအနေအရ ကန့်သတ်မှုများပြန်လည်ဖြေလျှော့လာပြီဖြစ်သဖြင့် လာမည့်သီတင်းပတ်များအတွင်း ပြည်တွင်းပဲဈေးနှုန်းများပြန်တက်လာနိုင်ကြောင်းခန့်မှန်းထားသည်။ 

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့်ပဲစဥ်းငုံသင်္ဘောတင် ၄ စီး အစီအစဥ်ရှိကာ ၁ စီးစတင်နေပြီဖြစ်ပြီး ကျန်သင်္ဘောများလည်းမကြာမီ ဆက်လက်တင်မည်ဖြစ်ကြောင်းသိရှိရသည်။


#ဧရာကုန်သွယ်မှုဗဟိုဌာန

Category: Local News