ဈေးကွက်ဈေးနှုန်း

မတ်ပဲဈေးဖြည်းဖြည်းခြင်းတက်လာနေ

Last Updated:

မတ်ပဲအများဆုံးစိုက်ပျိုးထွက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများဆက်လက်တက်လာနေပြီး အရောင်းအဝယ်သွက်လျှက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်ကာလအတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ ၁၃ ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင်ကျပ် ၄၆၄၀၀၊ ၁၄ ရက်နေ့တွင် ကျပ် ၄၅၇၀၀၊ ၁၅ ရက်နေ့တွင် ကျပ် ၄၆၀၀၀၊ ၁၆ ရက်နေ့တွင်ကျပ် ၄၅၈၀၀၊ ၁၇ရက်နေ့တွင်ကျပ် ၄၆၅၀၀၊ ၁၈ ရက်နေ့တွင်ကျပ်၄၆၇၀၀၊ ၁၉ရက်နေ့တွင် ကျပ် ၄၇၀၀၀၊ ၂၀ရက်နေ့တွင်ကျပ် ၄၇၂၀၀၊ ၂၁ ရက်နေ့တွင် ကျပ်၄၇၁၀၀၊ ၂၂ ရက်နေ့တွင်ကျပ် ၄၇၈၀၀ နှင့် ၂၃ ရက်နေ့တွင် ကျပ် ၄၈၃၀၀ အသီးသီးဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ၊ ချန်နိုင်းဆိပ်ကမ်းသို့ မြန်မာမတ်ပဲနှင့်ပဲစဥ်းငုံတင်ဆောင်လာသော သင်္ဘောနှစ်စီးဆိုက်ကပ်ခဲ့ပြီး တန်ချိန် ၂၀၀၀၀ နီးပါးပါဝင်သည်။ သင်္ဘောတစ်စီးမှာ မတ်လ ၁၇ ရက်နေ့တွင် မြန်မာဆိပ်ကမ်းသို့ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံပြည်တွင်းမတ်ပဲဈေးနှုန်းသည်လည်း ၂ ရက်အတွင်း တစ်ကွမ်တယ်လျှင် ၂၅ ရူပီးခန့် ဈေးအနည်းငယ်မြင့်တက်ခဲ့သည်။

လက်ရှိတွင် မြန်မာမတ်ပဲပြည်ပတင်ပို့မှုအနည်းငယ်နှေးကွေးသွားသည်ဟု သုံးသပ်ကြောင်း ၊ ထို့သို့ဖြစ်ရခြင်းမှာ အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲတင်သွင်းခွင့်ကာလသတ်မှတ်ချက် နောက်ဆုံးရက်ဖြစ်သော မတ်လ ၃၁ ရက်နေ့ထက် တင်သွင်းခွင့်ကာလထပ်တိုးပေးလိမ့်မည်ဟု မျှော်လင့်ထားကြသောကြောင့်ဖြစ်ကြောင်း Agri World Mumbai ကဖော်ပြထားသည်။

ယခုနှစ်မြန်မာမတ်ပဲထွက်ရှိမှုသည် ယခင်နှစ်များထက်ပိုမိုနိုင်ပြီး တန်ချိန် ၈ သိန်းနီးပါးတင်ပို့ရန်ရှိကြောင်း ခန့်မှန်းထားကာ အကယ်၍ မတ်ပဲတင်သွင်းခွင့်ကာလ ထပ်တိုးရရှိခဲ့လျှင် ယခုဈေးထက်ပိုမိုဈေးကောင်းလာနိုင်ကြောင်းသုံးသပ်ပါသည်။ သို့သော် မြန်မာမတ်ပဲကို အိန္ဒိယနိုင်ငံသို့သာ အဓိကတင်ပို့နေရသောကြောင့် ၎င်းတို့၏ ပြည်တွင်းပဲဈေးနှုန်းထိန်းညှိမှုသည် မြန်မာမတ်ပဲဈေးနှုန်းနှင့်တင်ပို့မှုအပေါ် အကျိုးသက်ရောက်မှုအမြဲရှိနေကြောင်း သတိပြုရန်လိုအပ်ပါသည်။