ဈေးကွက်ဈေးနှုန်း

လတ်တလော ဖြစ်ပွားနေသည့် Novel Coronavirus ကြောင့် ဂျပန်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်နိုင်မှုအခြေအနေကို တင်ပြခြင်း

Last Updated:

            တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှ စတင် ဖြစ်ပွားခဲ့သည့်  Novel Coronavirus      ကြောင့် ဂျပန်နိုင်ငံနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအ၀င် ဒေသအတွင်း စားသုံးသူ၊ ကမ္ဘာလှည့် ခရီးသွားနှင့် စက်မှုလုပ်ငန်းများ ထိခိုက်စေခဲ့ပါသည်။ ထို့အပြင် စီးပွားရေး ပညာရှင်များက Novel Coronavirus ကြောင့် ရေရှည်တွင် ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်လာနိုင်ကြောင်း သုံးသပ်ကြပါသည်။

            ဂျပန်နိုင်ငံ၊ ဒိုင်ဝါသုတေသနအဖွဲ့မှ ကော်ရိုနာဗိုင်းရပ်၏ ဂယက်ကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းကို ကြီးမားသည့် ထိခိုက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ပထမသုံးလပါတ်ကာလအတွင်း တရုတ်နိုင်ငံ၏ GDP ကိုလည်း ၅ ရာခိုင်နှုန်းခန့် ကျဆင်းစေမည်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

            ထို့အပြင် ကော်ရိုနာဗိုင်းရပ်၏ ဂယက်ကြောင့် ဂျပန်နိုင်ငံတွင်လည်း GDP ကို ၀.၀၉ ရာခိုင်နှုန်းမှ ၀.၂ ရာခိုင်နှုန်းခန့်အထိ နှေးကွေးကျဆင်းစေမည်ဖြစ်ကြောင်း ၊ ဗိုင်းရပ်သည် တစ်နှစ်ခန့် ဆက်လက်ဖြစ်ပွားမည် ဆိုပါက ဂျပန်နိုင်ငံ၏ GDP ကို ၀.၉ ရာခိုင်နှုန်းအထိ ထိခိုက်လာစေနိုင်ကြောင်း ဒိုင်ဝါသုတေသနမှ ခန့်မှန်းထားကြပါသည်။

            သို့ဖြစ်ရာ ဂျပန်နိုင်ငံအစိုးရအနေဖြင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများနှင့် ခရီးသွား လုပ်ငန်း မယိမ်းယိုင်စေရေးနှင့် ဂျပန်နိုင်ငံ၏ စီးပွားရေးကို မထိခိုက်စေရန် အစိုးရ၏  သီးခြားရန်ပုံငွေ အပါအဝင် ငွေကြေးပံ့ပိုးမှု အစီအမံများကို ချမှတ်ဆောင်ရွက်သွားရန် ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအ၀င် နိုင်ငံအတော်များများတွင်လည်း Monetary Policy ဖြေလျော့မှုများအပြင်၊ ဘဏ္ဍာရေးစျေးကွက်အတွင်းသို့ ငွေကြေးပံ့ပိုးမှု အစီအမံများ ချမှတ်ဆောင်ရွက်လာလျက်ရှိကြပါသည်။ သို့ရာတွင် ဂျပန်နိုင်ငံ၊ ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ စီးပွားရေး မယိုင်လဲစေရန် ထောက်ပံ့မှုပြုလုပ်ပေးခြင်းသည် ယာယီအစီအမံသာ ဖြစ်နိုင်ပြီး၊ ကန့်သတ်ချက်များ ရှိကြောင်း သတိထောက် ပြောကြားခဲ့ပါသည်။

            တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာတွင် အမေရိကန်ပြည်ထောင်စုအပြီး ဒုတိယအကြီးဆုံး ဖြစ်လာခဲ့ပြီး၊ လက်ရှိ GDP သည်လည်း အမေရိကန်ဒေါ်လာ ၁၃.၆ ထရီလီယံ ရှိနေပါသည်။

            သို့ရာတွင် ကော်ရိုနာဗိုင်းရပ်၏ ဂယက်ကြောင့် တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းထားကြပြီး၊ ပြည်သူလူထုများ၏ သွားလာမှုကိုလည်း ကန့်သတ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်လာလျက် ရှိပါသည်။ အထူးသဖြင့် အသေးစားနှင့်အလတ်စား လုပ်ငန်းငယ်များ အနေဖြင့် ကာလတိုအတွင်း  လုပ်ငန်းများလည်ပတ် ဆောင်ရွက်ကြသည်ဖြစ်ရာ၊ ယခုကဲ့သို့ ကာလရှည်လုပ်ငန်းများ ရပ်ဆိုင်းရမည်ဆိုပါက ထိခိုက်မှုများပြားလာမည် ဖြစ်ပါသည်။

            တရုတ်စီးပွားရေးကျွမ်းကျင်သူများမှ ကော်ရိုနာဗိုင်းရပ်၏ ဂယက်ကြောင့် တရုတ်နိုင်ငံ၏ GDP သည် ၂၀၂၀  ပြည့်နှစ်၊ ပထမသုံးလပါတ်ကာလအတွင် ၅ ရာခိုင်နှုန်းသာ ရှိတော့မည်ဟု ခန့်မှန်းထားကြပါသည်။

            ထို့အပြင် ခရီးသွားလုပ်ငန်းတွင်လည်း လေကြောင်းလိုင်းများ၏ ခရီးစဉ်များ ဖျက်သိမ်းခဲ့ခြင်းကြောင့် တရုတ်နှစ်သစ်ကူးကာလတွင် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာလှည့်ခရီးသည် ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းစေခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် ၁၇၃ သန်းရှိခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၀.၅ ထရီယံနီးပါး သုံးစွဲခဲ့ကြရာ ယခုနှစ်တွင် ကမ္ဘာစီးပွားရေးကို သိသာစွာ ထိခိုက်လာစေမည် ဖြစ်ပါသည်။

            အလားတူပင် နိုင်ငံတကာ ကုမ္ပဏီကြီးများအတွက် စက်ပစ္စည်းအစိတ်အပိုင်းပံ့ပိုးပေးသည့် စက်ရုံအများစုမှာ တရုတ်ပြည်သူ့သမ္မနိုင်ငံတွင် အခြေစိုက်ကြရာ၊ ကော်ရိုနာဗိုင်းရပ်၏ ဂယက်ကြောင့် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းရသဖြင့် စက်ပစ္စည်းလိုအပ်မှု ပိုမိုများပြားလာမည် ဖြစ်ပါသည်။ အထူးသဖြင့် ဝူဟန်ဒေသရှိ  စက်ရုံများ၏ ၅၀ ရာခိုင်နှုန်းသည် မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ကြပြီး ၊  Apple   ကုမ္ပဏီကြီး၏  Suppliers ၈၀၀ အနက် ၂၉၀ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တည်ရှိကြပါသည်။

           ထို့ကြောင့် ကော်ရိုနာဗိုင်းရပ်၏ ဂယက် ကာလကြာရှည်လာမည်ဆိုပါက ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာမည်ဟု ခန့်မှန်းထားကြပါသည်။ အထူးသဖြင့် ဗိုင်းရပ်ပြန့်ပွားမှု ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးကို ထိခိုက်လာစေမည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးကိုလည်း ခန့်မှန်းရန် ခက်ခဲလာစေနိုင်မည် ဖြစ်ပါကြောင်း  စီးပွားရေးပညာရှင်များက ခန့်မှန်းကြပါကြောင်း တင်ပြအပ်ပါသည်။

Source : ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သံရုံး၊ တိုကျိုမြို့    MYANTRADE(TIR)