Local News

ဧရာမတ်ပဲဈေးအနည်းငယ်ပြန်ကျ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲအသစ်များစျေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာချိန်တွင် အဖွင့်စျေးကောင်းခဲ့သောမတ်ပဲဈေးနှုန်းမှာ ယခုရက်ပိုင်းအတွင်း အနည်းငယ်စျေးပြန်ကျလျှက်ရှိသည်။ ယခင်သုံးသပ်ခဲ့သည့်အတိုင်း မြန်မာငွေကြေးဈေးနှုန်းအတက်အကျပေါ်မူတည်၍ မတ်ပဲသစ်အဖွင့်ဈေးကောင်းခဲ့သည်ဟုဆိုနိုင်ပြီး မတ်ပဲသစ်လှိုင်လှိုင်ပေါ်ချိန်တွင်ဖြစ်လေ့ရှိသည့် အခြေအနေအတိုင်း ယခုရက်ပိုင်းအတွင်းမတ်ပဲဈေးအနည်းငယ်ပြန်အေးနေခြင်းဖြစ်သည်။

ယခင်သီတင်းပတ်ကာလအတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင်ကျပ် ၄၅၄၀၀၊ ၂၅ ရက်နေ့တွင် ကျပ် ၄၅၀၀၀၊ ၂၆ ရက်နေ့တွင် ကျပ် ၄၃၃၀၀၊ ၂၇ ရက်နေ့တွင် ကျပ် ၄၂၅၀၀၊ ၂၈ ရက်နေ့တွင် ကျပ် ၄၂၂၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၄၂၉၀၀၊ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် ကျပ် ၄၂၀၀၀ အသီးသီးဖြစ်ပါသည်။

ယခင်သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်း တစ်ကွမ်တယ်လျှင် ၁၀၀ ရူပီးခန့်ဈေးကျဆင်းခဲ့ပြီး ပဲခွဲစက်များ၏ဝယ်လိုအားလည်းကျဆင်းနေခဲ့သည်။

ယခင် ၃ နှစ်တာကာလအတွင်း အိန္ဒိယနိုင်ငံသို့မြန်မာနိုင်ငံမှပဲတင်ပို့မှုနှင့်ယခုနှစ်မြန်မာမတ်ပဲအထွက်နှုန်းခန့်မှန်းချက်ကို ဧရာကုန်သွယ်မှုဗဟိုဌာန၏ Facebook စာမျက်နှာတွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ယခုနှစ်မြန်မာမတ်ပဲအထွက်နှုန်းတိုးမည်ဟု အိ္န္ဒိယနိုင်ငံဘက်ကခန့်မှန်းထားပြီး မတ်ပဲတင်သွင်းခွင့်ကာလကိုတိုးမြှင့်သတ်မှတ်ထားခြင်း၊ အိန္ဒိယသို့ မြန်မာမတ်ပဲအဝင်ပုံမှန်ရှိနေခြင်း၊ အခြားဒေသများမှ ပြည်တွင်းမတ်ပဲများဈေးကွက်အတွင်းဝင်ရောက်လာခြင်းတို့ကြောင့်လည်း မတ်ပဲဈေးကျဆင်းရခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် မိုးစိုက်ပဲဧရိယာများ ရာသီဥတုဖောက်ပြန်မှုကြောင့်ပျက်စီးခဲ့ရပြီး အထွက်နှုန်းနှင့်အရည်အသွေးကျဆင်းကာ ဆောင်းသီးနှံစိုက်ပျိုးဧရိယာကျဆင်းခဲ့သော်လည်း လာမည့် ဆောင်းသီးနှံအခြေအနေမှာမူ အထွက်နှုန်းကောင်းနိုင်ကြောင်း ၎င်းနိုင်ငံအစိုးရက ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံ၏ပြည်တွင်းဈေးနှုန်းကျဆင်းနေခြင်း၊ မြန်မာမတ်ပဲလှိုင်လှိုင်ပေါ်ချိန်ဖြစ်နေခြင်း၊ မြန်မာမတ်ပဲအထွက်နှုန်းကောင်းနိုင်မည့်အလားအလာများကို အိမ်နီးချင်းနိုင်ငံဘက်မှ ကြိုတင်ခန့်မှန်းထားနိုင်ပြီး ပြည်တွင်းပဲဈေးနှုန်းထိန်းညှိသည့် မူဝါဒများအရ မတ်ပဲဈေးနှုန်းထိုးတက်လာနိုင်ခြင်းမရှိသေး​ပဲ မြန်မာငွေကြေးဈေးနှုန်းအတက်အကျအခြေအနေအရသာ ဈေးနှုန်းပြောင်းလဲမှုဖြစ်ပေါ်နိုင်ကြောင်းသုံးသပ်ရပါသည်။

1-2-2022
#ဧရာကုန်သွယ်မှုဗဟိုဌာန 
 

Category: Local News