International News

၂၀၂၂ခုနှစ်တွင်ပြည်ပသို့ဆန်တင်ပို့မှုတန်ချိန်(၇.၅)သန်းအထိရရှိရန်မျှော်မှန်း

Last Updated:

ရေအလုံအလောက်ရရှိမှုနှင့် ထိုင်းဘတ်ငွေအားပျော့နေမှုတို့က ထိုင်းဆန်အား ပိုမို၍ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေကာ ယခုနှစ်တွင် ဆန်တန်ချိန် (၆) သန်းခန့် တင်ပို့ နိုင်ရာမှ နောက်နှစ်တွင် ဆန်တန်ချိန် (၇-၇.၅) သန်းအထိ ပြည်ပတင်ပို့ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် ဆွေးနွေးပြီးနောက် ထိုင်းပြည်ပဆန်တင်ပို့သူများအသင်းဉက္ကဌ Charoen Laothammatas က ရေအလုံအလောက်ရရှိမှုနှင့် ထိုင်းဘတ် ငွေသည် ပျမ်းမျှအားဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် (၃၃) ဘတ်ဖြစ်နေကာ အားပျော့နေမှုတို့က လာမည့်နှစ်အတွက် ထိုင်းပြည်ပဆန်တင်ပို့မှု အားကောင်းလာ စေမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

ဘတ်ငွေအားပျော့မှုက ထိုင်းပြည်ပဆန်တင်ပို့မှုဈေးနှုန်းများကို ပိုမို၍ယှဉ်ပြိုင်နိုင်စွမ်းရှိစေမည်ဖြစ်ကြောင်း၊ ထိုင်း (၅%) ဆန်ဖြူ၏ FOB ဈေးနှုန်းအနေဖြင့် တစ်တန် လျှင် အမေရိကန်ဒေါ်လာ (၃၉၀) ရှိပြီးတစ်တန်လျှင်အမေရိကန်ဒေါ်လာ (၄၀၅) ရှိသော ဗီယက်နမ်ဆန်ထက် ဈေးနိမ့်နေကြောင်းသိရှိရပါသည်။

သို့ရာတွင် ကွန်တိန်နာမလုံလောက်မှုနှင့် သင်္ဘောတင်နေရာမလုံလောက်မှုတို့အနေဖြင့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အထိ အဓိကအန္တရာယ်ရှိသည့် အချက်များအဖြစ် ဆက်လက်၍ရှိနေဉီးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင်ဆန်တန်ချိန် (၆-၆.၃) သန်းတင်ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ယခင်နှစ်ကရရှိခဲ့သည့် ဆန်တန်ချိန် (၅.၇) သန်းထက် အနည်းငယ် ပိုမို၍ တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် အိန္ဒိယနှင့့်် ဗီယက်နမ်နိုင်ငံတို့ပြီးပါက ကမ္ဘာ့တတိယ အကြီးမားဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်တွင် ထိုင်းနိုင်ငံ၏အဆင့်ကို ဆက်လက်မြှင့်တင်နိုင်ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဆန်စပါးမျိုးကွဲ များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း Mr. Charoen ကပြောကြားခဲ့ပါသည်။              

ထိုင်းနိုင်ငံအနေဖြင့် ဆန်မွှေးမျိုးကွဲအသစ်များကို ဖေါ်ထုတ်ပြီး အခြားသောထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်နိုင်စေရန် အားတက်သရော မြှင့်တင်ဆောင်ရွက်ရန် လိုအပ် ကြောင်း  သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် စားသုံးသူများ၏ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ဆန်မျိုးကွဲသစ်များသည် အကန့်အသတ်ဖြင့် ရှိနေကြောင်း၊ အထူးသဖြင့် ပျော့ပျောင်းနူးညံ့သည့် ဆန်ဖြူသည် စားသုံးသူများ၏ ဝယ်လိုအားကို ထောက်ပံ့ဖြည်းဆည်းနိုင်ရန် အကန့်အသတ်များရှိနေ‌ကြောင်း သိရှိရပါသည်။

ထိုင်းဆန်ထုတ်လုပ်မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီတွင် ဆန်စပါးအထွက်တိုးရန် ခန့်မှန်းထားကြောင်း၊ ကြိတ်ခွဲပြီး ဆန်ထုတ်လုပ်မှုအနေဖြင့် တန်ချိန်သန်း (၂၀) ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ အကြောင်းမှာ ရေလုံလောက်စွာရရှိမှုကြောင့်ဖြစ်ကြောင်း၊ ၎င်းမှာ ၂၀၂၀-၂၀၂၁ ခုနှစ်စိုက်ပျိုးရာသီတွင် ရရှိခဲ့သည့် ကြိတ်ခွဲပြီးဆန်တန်ချိန် (၁၇) သန်းထက် ပိုမိုမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။

ထိုင်းဆန်စပါးထုတ်လုပ်မှုအနေဖြင့် မြေဧက (၁) ရိုင် (Rai) လျှင် ပျမ်းမျှအားဖြင့် (၄၅၀) ကီလိုဂရမ်ထွက်ရှိကြောင်း ၊ဗီယက်နမ်အနေဖြင့် မြေဧက (၁) ရိုင် (Rai) လျှင် (၉၀၀) ကီလိုဂရမ်နှင့် အိန္ဒိယအနေဖြင့်မြေဧက (၁) ရိုင် (Rai) လျှင် (၈၀၀) ကီလိုဂရမ်ထွက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် စားသုံးသူများ၏  ဝယ်လိုအားကိုပြည့်မီအောင်   ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက ဆန်တင်ပို့မှုပမာဏမှာ တဖြည်းဖြည်းကျဆင်းသွားဖွယ်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် ဆန်စပါးအာမခံချက် (သို့မဟုတ်) ဈေးနှုန်းအာမခံချက်အစီအစဉ်များမှတစ်ဆင့် ဈေးနှုန်းပံ့ပိုးမှုအပေါ် အဓိကအာရုံစိုက်ခြင်းဖြင့် ပြဿနာ များကို မဖြေရှင်းနိုင်ခဲ့ကြောင်း၊  ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်စပါးလုပ်ငန်း ပိုမိုအားကောင်းလာစေရန်အတွက် (R&D) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းများ ကို အာရုံစိုက်ဆောင်ရွက်လျှက်ရှိကြောင်း၊ ထိုင်းဆန်ပြည်ပတင်ပို့သူများအသင်း ဉက္ကဌက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြထားပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ကြိုးနီစနစ်ကြောင့် အဟန့်အတားဖြစ်စေပြီး  ဆန်စပါးလုပ်ငန်းကို အဆင့်မြှင့်တင်ရန်ဆန္ဒမရှိဟု ထိုင်းထိပ်တန်းဆန်တင်ပို့သူဖြစ်သည့် Huay Chuan Group မှ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Mr. Chookiat ကပြောကြားကြောင်းသိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

 

Category: International News