Singapore

"Smart China Expo" ကို စင်ကာပူနှင့် တရုတ် ပူးတွဲစီစဉ်ကျင်းပမည်

Last Updated:

"Smart China Expo" ကို ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပူးတွဲစီစဉ်ကျင်းပသွားရန် စင်ကာပူနှင့် တရုတ်နိုင်ငံ၊ ချုံကင်း (Chongqing) မြူနီစီပယ်အုပ်ချုပ်ရေးအစိုးရ တို့အကြား "Letter of Intent (LoI)" လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၅ - ၃ - ၂၀၂၀ ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့် အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယအတွင်းဝန် Mr. Luke Goh နှင့် တရုတ်နိုင်ငံ၊ ချုံကင်းမြို့ ၏ ဒုတိယမြို့တော်ဝန် Mr. Li Bo တို့က အသိသက်သေများအဖြစ် တက်ရောက်ခဲ့ကြပြီး၊ ယခုလက်မှတ်ရေးထိုးမှုသည် တီထွင်ဆန်းသစ်ဖန်တီးမှုဝန်းကျင်ဖွံ့ဖြိုး တိုးတက်မှု ခိုင်မာအားကောင်းလာစေရေးအတွက် ၎င်းတို့၏ ကတိကဝတ်များကို ဖော်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါသည်။

"Smart China Expo" ကို ၂၀၁၈ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၊ ချုံကင်းမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး၊ တရုတ်နိုင်ငံ၏ အကြီးဆုံးသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ပြပွဲကြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ပြပွဲတွင် စင်ကာပူမှ ကုမ္ပဏီ ၇၀ ကျော်နှင့် စီးပွားရေးလုပ်ငန်းကိုယ်စားလှယ် ၂၀၀ ကျော် ပါဝင် တက်ရောက်ခဲ့ကြောင်း၊ ယခုနှစ်ပြပွဲတွင် နိုင်ငံကိုယ်စားပြု ပြခန်းဖြင့် SMEs များနှင့် ဖွံ့ဖြိုးစလုပ်ငန်းများ ပါဝင်စေလျက် စင်ကာပူ၏ ထုတ်ကုန်များ၊ နည်းပညာများနှင့် ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲတွင် စီးပွားရေးလုပ်ငန်းပိုင်း ချိတ်ဆက်မှုအစီအစဉ်များနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဆွေးနွေးပွဲ အစီအစဉ်များဖြစ်သော ဖိုရမ်နှင့် ညီလာခံတို့ကို ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)       

သတင်းရင်းမြစ် ။    ။ Ministry of Trade and Industry, Singapore

Category: Singapore