China(Nanning)

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုအား မောင်းနှင်သွားမည့် တရုတ်နိုင်ငံ၏ သစ်သီးဝလံ တင်သွင်းမှု ခန့်မှန်းချက်အား Fruitnetမှ ထုတ်ပြန်

Last Updated:

ကိုရိုနာကပ်ရောဂါဖြစ်ပွားနေချိန်နှင့် ကပ်ရောဂါအလွန်ကာလများအတွင်း ကမ္ဘာ့သစ်သီးဝလံကုန်သွယ်ရေးတွင် အဓိကစေ့ဆော်သွားမှုပြုနိုင်ရန် တရုတ်နိုင်ငံ၏ သစ်သီးဝလံတင်သွင်းမှုများကို ဆက်လက် ပြုလုပ်သွားမည့် အလားအလာရှိကြောင်း Fruitnet မှကျင်းပပြုလုပ်ခဲ့သည့် ဒစ်ဂျစ်တယ်ဆွေးနွေးပွဲမှ ဆွေးနွေးချက်များအရ သိရပါသည်။  တရုတ်နိုင်ငံ၏ လတ်ဆတ်ကုန်စည်ဈေး ကွက်ပုံစံအသစ်နှင့် (၂၀၂၅) ခုနှစ်အထိ ဈေးကွက်တိုးတက်မှုအတွက် ခန့်မှန်းချက်များအား ၎င်းဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။

ဆယ်စုနှစ်များအတွင်း ပထမဆုံးစံချိန်အဖြစ် တိုးတက်မှုနှုန်း အနုတ်ပြသပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်နာလန် ထူလာသည့် လက္ခဏာများ စတင်ဖြစ်ပေါ်လာပါသည်။

Fresh Intelligence Consultingမှ အကြီးအကဲ Wayne Prowse ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံ၏ သစ်သီးဝလံတင်သွင်းမှုမှာ (၂၀၁၉) ခုနှစ်တွင် တန်ချိန် (၅.၉) သန်း ရှိခဲ့ပါသည်။ ၎င်းပမာဏအပေါ် အခြေခံ၍ နှစ်စဉ်တိုးတက်တင်သွင်းမှုပေါင်း (၉.၅) ရာခိုင် နှုန်းခန့်ရှိလာမည်ဟု ခန့်မှန်းကာ၊ (၂၀၂၅) ခုနှစ်၌ တန်ချိန် (၉.၃) သန်းထိ ရောက်ရှိနိုင်မည်ဟု သိရပါသည်။  တနည်းအားဖြင့် (၂၀၁၉) ခုနှစ်က ထက် တန်ချိန် (၃.၄) သန်းပိုမိုကာ လာမည့် (၅) နှစ်အတွင်း (၆၀) ရာခိုင်နှုန်းခန့် တိုးတက်သွားနိုင်မည်ဟု ခန့်မှန်း ခြင်းဖြစ်ပါသည်။

ကပ်ရောဂါအလွန်ကာလ၌ နှစ်စဉ်တိုးတက်မှုနှုန်းမှာ (၇.၅) ရာခိုင်နှုန်းသို့ လျော့ကျသွားနိုင်သော်လည်း တရုတ်နိုင်ငံ၏ တင်သွင်းမှု မှာ (၂၀၂၅) ခုနှစ်တိုင်အောင် တန်ချိန် (၉) သန်းကျော် ဆက်လက် တိုး တက်သွားနိုင်ပါသည်။

ထိုင်းနိုင်ငံမှ ဒူးရင်းသီး၊ ဗီယက်နမ်မှ နဂါးမောက်သီး၊ ဖိလစ်ပိုင်မှ ငှက်ပျောသီးကဲ့သို့သော အာရှနိုင်ငံများမှထွက်ရှိသည့် အပူပိုင်းဇုန် သစ်သီးဝလံများမှာ တရုတ်နိုင်ငံသွင်းကုန်ဈေးကွက်၏ (၇၅) ရာခိုင်နှုန်း ကို ဆက်လက်လွှမ်းမိုးထားနိုင်မည်ဖြစ်ကြောင်း ကျွမ်း ကျင်သူများက သုံးသပ်ကြပါသည်။

သို့ရာတွင် အာရှနိုင်ငံ၏ပြင်ပဖြစ်သည့် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများမှထွက်ရှိသော အရည်ရွှမ်းပြီးအချဉ်ဓာတ်ပါသည့် (citrus) သစ်သီးဝလံများ၊ စပျစ်သီးများနှင့် (မက်မွန်သီး၊ ဆီးသီး၊ ချယ်ရီသီး ကဲ့သို့ သော) အစေ့ပါသည့် သစ်သီးဝလံများအတွက်လည်း အခွင့်အလမ်းများ ရှိနေဆဲဖြစ်ကြောင်း Prowse က သုံးသပ်ထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Fruitnet (၈-၇-၂၀၂၀)

Category: China(Nanning)