China(Nanning)

ကမ္ဘာ့ကုန်သွယ်ရေးပြန်လည်ရှင်သန်နိုးထလာစေရေး ကူညီပေးရန် ကန်တုန်ပြပွဲအား ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကျင်းပ

Last Updated:

တရုတ်သွင်းကုန်ပို့ကုန်ပြပွဲအား ကျင်းပလာသည်မှာ (၆၃) နှစ်အတွင်း (၁၂၇) ကြိမ် မြောက်ရှိပြီဖြစ်ပါသည်။  ယခုနှစ်အတွင်း COVID-19ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မတည်မငြိမ် ကမောက်ကမများဖြစ်နေစဉ်တွင် ကုန်စည်ထောက်ပံ့မှုများနှင့် လုပ်ငန်းဆိုင်ရာကွင်းဆက်များအား တည်ငြိမ်စေရေးကူညီပေးရန် ၎င်းပြပွဲ၏သမိုင်းတွင် ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပြသသည့်ပွဲအဖြစ် စတင်ကျင်းပလိုက်ပြီဖြစ်ပါသည်။

ကန်တုန်ပြပွဲဟု လူသိများကြသည့် ၎င်းပြပွဲအား တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပလေ့ရှိပြီး၊  ယခုအကြိမ်ပြပွဲအား ဇွန်လ (၁၆) ရက်နေ့မှ ဇွန်လ (၂၄) ရက်နေ့အထိ ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ဖွင့်ပွဲအခမ်းအနားအား အွန်လိုင်းမှ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။  ၎င်းပြပွဲကျင်းပခြင်းမှာ ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် နိုင်ငံအများ အပြားရှိ စီးပွားရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေများ နှောင့်နှေးနေကြသော်လည်း တရုတ်ဘက်မှ ကုန်စည်ထောက်ပံ့သူများနှင့်ဆက်သွယ်ရန် ဆန္ဒရှိကြသည့် နိုင်ငံခြားဖောက် သည်များထံမှ နွေးထွေးသည့် တုန့်ပြန်မှုကို ဆွဲဆောင်နိုင်ကြောင်း ပြပွဲကျင်းပရေးကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Li Jinqiက ပြောကြားခဲ့ပါသည်။

ပြပွဲတွင် ကုန်စည်အမျိုးအစားအုပ်စု (၁၆) ခုအပေါ် ပြပွဲခင်းကျင်းပြသသည့်ဧရိယာ (၅၀) ရှိပြီး တရုတ်ပို့ကုန်ဉီးစားပေးကုမ္ပဏီပေါင်း (၂၅,၀၀၀) အား ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊  ကုန်စည်ရောင်းချသူနှင့် ဝယ်ယူသူတို့အကြား တွဲဖက်ညီမှုကိုမြှင့်တင်ရန် ရောင်းချသူတို့က ကုန်စည်နှင့် ဝန်ဆောင်မှုပေါင်း (၁.၈) သန်းအား ဓာတ်ပုံများ၊ ဗီဒီယို များနှင့် 3D ပုံစံများ ဖြင့် ခင်းကျင်းပြသကြလျက်  စီးပွားရေးညှိနှိုင်းမှုများအား (၂၄) နာရီ ပြုလုပ်နိုင်ကြမည်ဖြစ်ကြောင်း ပြပွဲကျင်းပသူများက ပြောကြားထားပါသည်။

နိုင်ငံခြားမှ ဝယ်ယူသူများက (၂၄)နာရီ livestreaming platformပေါ်တွင် မှတ်ပုံတင် နိုင်ကြပြီး ပြပွဲကာလ၏ မည်သည့်အချိန်၌မဆို ဝယ်ယူသည့် ညှိနှိုင်းဆွေးနွေးမှုများကို  စတင်နိုင် ကြကာ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအား မြှင့်တင်ရန်နှင့် နှစ်ဉီးနှစ်ဘက် အကျိုးရလဒ်များဖြစ်ထွန်းစေရန်အလို့ငှာ ကုမ္ပဏီအားလုံးတို့အား ပြပွဲကြေး ကင်းလွတ်ခွင့်ပြုထား ကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော ဈေးကွက်အခွင့်အလမ်းများကို  အခြားနိုင်ငံများအား ဝေမျှရေးအတွက် လုပ်ငန်းများအားကူညီရန်နှင့် သွင်းကုန်လွယ်ကူချောမွေ့စေခြင်းကို မြှင့်တင်ပေးရန် ဆက်လက်၍ ကြိုးစားပေးကြရေးအတွက် ဝန်ကြီးချုပ် မစ္စတာ လီခကျန်းက ပြပွဲဖွင့်ပွဲမိန့်ခွန်းပြောကြားစဉ် တောင်းဆိုခဲ့ကာ၊ နိုင်ငံတကာမှ လုပ်ငန်းနှင့် ကုန်စည် ကွင်းဆက်များ စိတ်ချရစေရန်နှင့်  တံခါးဖွင့်မှု ကျယ်ပြန့်လာစေရန် နိုင်ငံရှိ လုပ်ငန်းများ၏ ဖြေရှင်းနည်းတစ်ရပ်အဖြစ် ဤကဲ့သို့သော အွန်လိုင်းပြပွဲမျိုး ကျင်းပရေးအတွက် တရုတ်က ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ကုန်သွယ်ရေးမှာ  (၁၃) ရာခိုင်နှုန်းမှ (၃၂) ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ခန့်မှန်းထားပါသည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးဆုံးစီးပွားရေးရှိသည့် တရုတ်နိုင်ငံတွင်လည်း ယခုနှစ် ပထမ (၅) လအတွွင်း နိုင်ငံခြားကုန်သွယ်ရေးတွင် ယမန်နှစ်ကထက် (၄.၉) ရာခိုင်နှုန်း ကျ ဆင်းကာ ယွမ်ငွေ (၁၁.၅၄) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၆၃ ထရီလီယံ) သာ ရှိခဲ့ကြောင်း အကောက်ခွန်ဌာနမှ ရရှိသည့်် စာရင်းအရ သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၆-၆-၂၀၂၀)

Category: China(Nanning)