India (Delhi)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အိန္ဒိယနိုင်ငံ၏ သွင်းကုန်အခွန်ကောက်ခံမှုအပေါ် အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းခြင်း

Last Updated:

သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာသွင်းကုန်များအပေါ် အိန္ဒိယနိုင်ငံ၏ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံနှင့် တရုတ်တိုင်ပေ (ထိုင်ဝမ်) တို့၏ လျှောက်ထားချက်အရ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) သည် အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ၂ ခုကို ၂၉.၇.၂၀၂၀ နေ့တွင် ထပ်မံဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Economic Times သတင်းဌာနမှ ဖော်ပြချက်အရ မိုဘိုင်းဖုန်းများအပါအဝင် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာထုတ်ကုန်များအား ပြည်ပမှတင်သွင်းရာ၌ အိန္ဒိယအစိုးရက ချမှတ်ထားသည့်  အခွန်ကောက်ခံမှုနှုန်းထားများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၊ တရုတ်တိုင်ပေနှင့် ဥရောပသမဂ္ဂတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမှုဖွင့်လှစ်ခဲ့ကြကြောင်း၊ ဂျပန်နိုင်ငံ၏ လျှောက်ထားမှုတွင် အရေးဆို တင်ပြသည့် အချက် ၃၉ ရပ် ပါရှိပြီး တရုတ်တိုင်ပေနှင့် ဥရောပသမဂ္ဂတို့၏ အမှုစွဲဆိုမှုတွင် အဓိကတိုင်ကြားချက် ၆ ခုစီ ပါဝင်လျက်ရှိကြောင်း ၎င်းတို့က အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တစ်ခုတည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ သို့ရာတွင် တိုင်ကြားသည့် အကြောင်းအချက်အလက်များမှာ ကွဲပြားမှုရှိသဖြင့် အိန္ဒိယဘက်မှ ဖြေရှင်းရေးအဖွဲ့တစ်ခုဖြင့် တစ်ပေါင်းတည်းကိုင်တွယ် ဆောင်ရွက်မှုကို ကန့်ကွက်ခဲ့ကြောင်း၊ ထို့အပြင် ဂျပန်နိုင်ငံ၏ တောင်းဆိုချက်မှာ အိန္ဒိယက သဘောတူညီထားမှုမရှိသည့် Information Technology Agreement-II ပါ အချက်များအား လိုက်နာဆောင် ရွက်စေရန် အဓိကမျှော်လင့်ခြင်းသာဖြစ်ကြောင်းနှင့် အိန္ဒိယ၏ အကောက်ခွန်လိုင်းများ ပြန်လည်စံကိုက်ညှိနေရာချထားရာတွင် မှားယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းအပေါ် အခွင့်အရေးရယူလိုခြင်းသာဖြစ်ကြောင်းကို လည်း တင်ပြခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံသည် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ပြည်ပမှ မိုဘိုင်းဖုန်းများနှင့် အခြားသော ICT ပစ္စည်းများတင်သွင်းမှုအပေါ် အကောက်ခွန် ၁၀% ချမှတ်ကောက်ခံခဲ့ပြီး ၎င်းနှစ်တွင်ပင် ထပ်မံ၍ အကောက်ခွန် ၁၅% သို့ တိုးမြှင့်ခဲ့ပါသည်။ ထို့နောက် WTO အဖွဲ့ဝင် နိုင်ငံအများအပြားက ကန့်ကွက်နေသည့်ကြားမှပင် ၎င်းအခွန်အားထပ်မံ၍ ၂၀% သို့တိုးမြှင့်ခဲ့ရာ အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂ၊ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်တိုင်ပေ၊ ကနေဒါ စသည်နိုင်ငံများက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး ယခုကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမှု ပေါ်ပေါ်လာရခြင်းဖြစ်ပါသည်။

သို့ဖြစ်ရာ အိန္ဒိယနိုင်ငံ၏ ICT သွင်းကုန်များအပေါ် ချမှတ်ထားသည့် အကောက်ခွန်နှုန်းထားများနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ၃ ဖွဲ့ဖြင့် ကြားနာစစ်ဆေးမည်ဖြစ် ပြီး အကယ်၍ အိန္ဒိယအနေဖြင့် အမှုရှုံးနိမ့်ခဲ့ပါက နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅.၇ ဘီလီယံခန့် တန်ဖိုးရှိသော အီလက်ထရွန်းနစ်နှင့် ICT ပစ္စည်းများအား အိန္ဒိယသို့ တင်ပို့လျက်ရှိသည့် တရုတ်နိုင်ငံကသာ အဓိကအကျိုးဖြစ်ထွန်းဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံအခြေစိုက် Economic Times သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         WTO sets up 2 more dispute panels against India’s import duties, 29 Jul 2020, Economic Times

 

 

Category: India (Delhi)