Korea

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲရာထူးအတွက် ကိုယ်စားလှယ်လောင်း (၈)ဦးမှ အကြိတ်အနယ် ယှဉ်ပြိုင်နေကြခြင်း

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ၏ အကြီးအကဲရာထူးအတွက် ယခင်က အီဂျစ်နိုင်ငံ၊ မက်ဆီကိုနိုင်ငံ၊ မော်ဒိုဗာနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာအဆင်မြင့် ကိုယ်စားလှယ်လောင်းလျာ (၅) ဦးက အမည်စာရင်းတင်သွင်းထားသော်လည်း သတ်မှတ်နောက်ဆုံးရက် Deadline ဖြစ်သည့် (၈-၇-၂၀၂၀)ရက်နေ့တွင် အခြားနိုင်ငံများမှ ကိုယ်စားလှယ်လောင်း (၃) ဦးတို့က အမည်စာရင်းထပ်မံတင်သွင်းခဲ့ပြီး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၈) ဦးမှ WTO ၏ အကြီးအကဲရာထူးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါရာထူးအတွက် အမည်စာရင်းတင်သွင်းရမည့် Deadline မတိုင်မီ (၂၄) နာရီ အတွင်းတွင်မှ အမည်စာရင်းတင်သွင်းလာသူ (၃) ဦးမှာ ဗြိတိန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအတွင်းရေးမှူး Dr. Liam Fox ၊ ဆော်ဒီအာရေဗျနိုင်ငံ၏ စီးပွားရေးဝန်ကြီးဟောင်း Mr.  Mohammed al-Tuwaijri နှင့် ကင်ညာနိုင်ငံ၏ WTO အထွေထွေကောင်စီဥက္ကဌဟောင်း Ms. Amina Mohammed တို့ဖြစ်ကြောင်း၊ WTO General Council အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၅) ရက်မှ (၁၇) ရက်အတွင်း စိန်ခေါ်မှုများစွာကြုံတွေ့နေရသည့် ကမ္ဘာ့စီးပွားရေးအပေါ်မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ဆိုသော အမည်စာရင်းတင်သွင်းထားသော ကိုယ်စားလှယ်များ၏တင်ပြမှု များကိုကြားနာ၍ စိစစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

“ကမ္ဘာကြီးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် တွေ့ကြုံနေရသည့်စိန်ခေါ်မှုများမှ ပြန်လည်နာလန်ထူနိုင်ရေး ကြိုးပမ်းရလျက်ရှိသည့်အားလျော်စွာ လွတ်လပ်၍ ထင်သာမြင်သာရှိပြီး တရားမျှတသော ကုန်သွယ်ရေး၏ အခန်းကဏ္ဍသည်သာ အရေးကြီးဆုံးဖြစ်ကြောင်း၊ Dr. Liam Fox အနေဖြင့် နိုင်ငံအားလုံးအတွက် အကျိုးရှိစေမည့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်တစ်ရပ်အတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ကောင်းစွာ ဆောင်ရွက်နိုင်လိမ့် မည်ဟု ယုံကြည်ကြောင်း ” စသည်ဖြင့် ဗြိတိန်နိုင်ငံ၊ ဝန်ကြီးချုပ် Boris Johnson မှ WTO  သို့ ပေးပို့သော Dr. Liam Fox ကို WTO  အကြီးအကဲအဖြစ် အဆိုပြုသည့်စာတွင်  ထည့်သွင်းဖော်ပြထားကြောင်း သိရှိရပါသည်။

WTO အကြီးအကဲအသစ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဝန်ကြီးများအဆင့် ညီလာခံအပါအဝင် ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲများကို ပြန်လည်အသက်ဝင်စေရေး ဆောင်ရွက်ရမည်ဖြစ်သည့်အပြင်၊ WTO ၏ လက်ရှိ အဓိကအရေးပါသည့် ကိစ္စတစ်ရပ်ဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးကောင်းမွန်စေရေး ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဆိုင်ရာ မြင့်တက်နေသည့် တင်းမာမှုများ၏ ရိုက်ခတ်မှုများသည်လည်း WTO ကို အဓိက ခေါင်းခဲစေသည့်ကိစ္စရပ်ပင်ဖြစ်ကြောင်း၊ WTO ကိုစွန့်ခွာရန် အမေရိကန်ပြည်ထောင်စု၏ ခြိမ်းခြောက်အသိပေးမှုက WTO ၏ အငြင်းပွားမှုဆိုင်ရာစေ့စပ်ညှိနှိုင်းမှု ဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ရပ်တန့်စေခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုက တရုတ်ပြည်သူ့သမ္မတနိုင်ငံအား စီးပွားရေးဖွံ့ဖြိုးဆဲအဆင့် (Developing Economies Category)မှ ထုတ်ပယ်ရန် ဖိအားပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် WTO ၏ အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်နေသော ဘရာဇီးသံတမန် ဖြစ်သူ Mr. Roberto Azevêdo က ၎င်း၏ရာထူးအား တစ်နှစ်စော၍ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလအလယ်တွင် အံ့အားသင့်ဖွယ်ရာ ကြေညာခဲ့ပြီးသည့်နောက် ဂျီနီဗာအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် ညွှန်ကြားရေးမှူးချုပ်၏နေရာကို အစားထိုးနိုင်ရန် အကြီးအကဲရွေးချယ်ရေးအတွက် ပုံမှန်ထက် ဆောလျင်စွာ(၃)လအတွင်း ရွေးကောက်တင်မြှောက်ရေးကို အလျင်အမြန် ဆောင်ရွက်လျက်ရှိကြကြောင်း၊ WTO အကြီးအကဲအသစ် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများသည် ကိုယ်စားလှယ်လောင်းများအပေါ် အများ၏သဘောတူညီမှုနှင့် ထောက်ခံမှုတို့အပေါ်တွင် များစွာမူတည်ကြောင်း သိရှိရပါသည်။

WTO ကို စတင်တည်ထောင်ခဲ့သည့် ၁၉၉၅ ခုနှစ်မှစ၍ အကြီးအကဲ(၃)ဦးသည် ဥရောပ ဒေသမှဖြစ်ပြီး၊  အာရှနှင့် တောင်အမေရိကဒေသတို့မှ တစ်ဦးစီ အလှည့်ကျ တာဝန်ထမ်းဆောင်ခဲ့ကြပါကြောင်း၊ အာဖရိကဒေသအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုရေးရာအကြီးအကဲနေရာအတွက် တာဝန်ထမ်းဆောင်ရန် အခွင့်အရေးမရရှိခဲ့သေးကြောင်း၊ WTO တွင် ထိုကဲ့သို့ ဒေသဆိုင်ရာ အလှည့်ကျတာဝန်ပေးအပ်သည့် စည်းမျဉ်းမျိုး မရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အာဖရိကဒေသ အနေဖြင့် အခွင့်အရေးရရှိနိုင်ရန် မျှော်လင့်နေကြကြောင်းလည်း သိရှိရပါသည်။

အသက် (၆၇) နှစ်အရွယ်ရှိ  Mr. Abdel-Hamid Mamdouh သည် ဆွစ်ဇာလန်လူမျိုး၊ WTO အကြီးတန်းအရာရှိဟောင်းဖြစ်ပြီး အာဖရိကသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသူ ပြိုင်ဖက်တစ်ဦးဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားနိုင်ငံ၏ Dr. Ngozi Okonjo-Iweala ကိုထောက်ခံ၍ ယင်းကို ဆန့်ကျင်ခြင်းသည် အာဖရိကသမဂ္ဂနှင့် ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြစ်ပေါ်စေကြောင်း၊ မည်သို့ပင်ဖြစ်စေ အသက် (၆၆)နှစ်အရွယ်ရှိ Dr. Ngozi Okonjo-Iweala အနေဖြင့် အာဖရိကဒေသ ၏ ထောက်ခံမှုအရှိန်တိုးပွားလျက်ရှိသည်ကို သံတမန်အသိုက်အဝန်းများထံမှ ကြားသိရကြောင်း၊ ကမ္ဘာ့ဘဏ်၏ ဒုတိယအကြီးအကဲဟောင်းကလည်း WTO တွင် အမျိုးသမီး အကြီးအကဲ မခန့်ထားဖူးသေးသည့်အတွက်  အနာဂတ်အကြီးအကဲကို အမျိုးသမီးအဖြစ် မျှတစွာရွေးချယ်သင့်ကြောင်း၊ အနာဂတ် WTO ၏အကြီးအကဲသည် အမျိုးသမီးသော်လည်းကောင်း၊ အာဖရိကဒေသမှသော် လည်းကောင်း ရွေးချယ်ခံရလျှင် ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သည်ဟု ၎င်းက ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ နှောင်းပိုင်းက ဂျနီဗာမြို့တွင် ပြုလုပ်သည့် Virtual Conference တစ်ခုတွင် သတင်းထောက်များကို ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

ကင်ညာနိုင်ငံမှ အသက် (၅၈)နှစ်အရွယ်ရှိ  Ms. Amina Chawahir Mohamed သည် ၂၀၁၃ ခုနှစ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဘူးကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှ အသက်( ၅၃) နှစ် အရွယ်ရှိ ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-Hee သည်လည်း အမျိုးသမီးပင် ဖြစ်သည့်အတွက် ယခုတစ်ကြိမ်တွင် WTO အကြီးအကဲရာထူးအတွက် အာဖရိကဒေသမှ (၃) ဦးဖြစ်ပြီး၊ အမျိုးသမီး အနေဖြင့် (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း၊ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း (၈)ဦး အနက် မော်ဒိုဗာနိုင်ငံမှ Mr. Tudor Ulianovschi သည် အသက်(၃၇) နှစ်ဖြင့် အသက်အငယ်ဆုံးဖြစ်ပြီး မက္ကဆီကိုနိုင်ငံမှ Dr. Jesus Seade Kuri သည် အသက်(၇၃)နှစ်ဖြင့် အသက်အကြီးဆုံးဖြစ်ကြောင်း၊ မက္ကဆီကိုနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea