Singapore

ကမ္ဘာ့စီးပွားရေး ဗွီပုံသဏ္ဌာန် (V-Shaped) ပြန်လည်တိုးတက်လာရန်မှာ သေချာမှုမရှိကြောင်းနှင့် မူဝါဒချမှတ်သူများအနေဖြင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရ

Last Updated:

စီးပွားရေးဆိုင်ရာသုတေသနလုပ်ငန်းများတွင် လူအများ၏ ယုံကြည်လက်ခံမှုရရှိထား သော IMF ၊ Bank for International Settlements (BIS) နှင့် United States Federal Reserve တို့က ကိုဗစ် ၁၉ ကပ်ရောဂါ၏ စီပွားရေးအပေါ် မည်သို့သက်ရောက်မည် နှင့်စပ်လျဉ်း၍ အစီရင်ခံစာများကို မကြာမီရက်များက ထုတ်ပြန်ခဲ့ ကြကြောင်း၊ ယင်းအစီရင် ခံစာများတွင် ထောက်ပြထားသည့် နှစ်မြို့ဖွယ်မကောင်းသော ရှေ့ပြေးသုံးသပ်ချက်များနှင့် မရေရာမှုများစွာရှိနေသောအခြေအနေတို့မှာ မူဝါဒ ချမှတ်သူများအပေါ် ကြီးလေးသော စိန်ခေါ်မှုများပင် ဖြစ်ပါကြောင်း The Straits Times က ရေးသားဖော်ပြထားပါသည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးအခြေအနေမှာ ၄.၉ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်သည်ဟု IMF က ခန့်မှန်းခဲ့ပြီး၊ ထိုခန့်မှန်းချက်သည် ၎င်း၏ ဧပြီလအတွင်း ခန့်မှန်းချက် ဖြစ်သော ၃ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းချက်ထက် ပိုမိုလျှော့ချခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ၈ ရာခိုင်နှုန်းအထိ စီးပွားရေး ဆုတ်ယုတ်နိုင်ပြီး၊ ၎င်းတို့အနက် ပြင်သစ်၊ အီတလီ၊ စပိန်နှင့် အင်္ဂလန်နိုင်ငံတို့မှာ ဂဏန်း(၂)လုံးအထိပင် ကျဆင်းနိုင်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်လည်း ၃ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိသောကြောင့် ပထမဆုံးအကြိမ် ဒေသအသီးသီးတွင် စီးပွားရေးတိုးတက်မှုအခြေအနေ အနုတ်လက္ခဏာ ပေါ်ပေါ်က်မည့် အခြေအနေ ဖြစ်ကြောင်းသိရှိရပါသည်။ ထို့ပြင် နိုင်ငံတကာကုန်သွယ်ရေးမှာလည်း ၁၁.၂ ရာခိုင်နှုန်းခန့် ပြိုဆင်းနိုင်ပြီး၊ နိုင်ငံအားလုံးနီးပါး၏ အလုပ်အကိုင်စျေးကွက်အပေါ် ဆိုးရွားစွာ ရိုက်ခတ်လျက်ရှိကြောင်း၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (ILO) က ပြောကြားချက်အရ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း တစ်ကမ္ဘာလုံး၏ အလုပ်ချိန် နာရီကျဆင်းမှုသည် ကိုဗစ် ၁၉ မဖြစ်မီကာလ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလ အတွင်းနှင့်နှိုင်းယှဉ်ပါက အချိန်ပြည့်အလုပ်လုပ်သူဦးရေ ၁၃၀ သန်းအလုပ်အကိုင်ဆုံးရှုံးမှုနှင့် ညီမျှပါကြောင်း၊ ၂၀၂၀ ခုနှစ်၊ ဧပြီလမှ ဇွန်လအတွင်း အလုပ်ချိန်နာရီကျဆင်းမှုမှာ လုပ်သားအရေအတွက် ၃၀၀ သန်း အလုပ်အကိုင် ဆုံးရှုံးမှုနှင့်ညီမျှကြောင်း၊ အထူးသဖြင့် အိမ်တွင်နေ၍ လုပ်ငန်းဆောင်ရွက်ရန်မဖြစ်နိုင်သော ကျွမ်းကျင်မှုအဆင့်နိမ့်သည့်လုပ်သားများအပေါ် ကြီးစွာထိခိုက်လျက် ရှိကြောင်းနှင့် ဆက်လက်ရင်ဆိုင်ရဖွယ်ရှိသည့် မရေရာမှုအခြေအနေများ သည် ပုံမှန်ထက် မြင့်တက်လာပါက ဤအခြေအနေများသည် ပိုမိုဆိုးရွားလာမည်ဟု ဖော်ပြ ထားပါသည်။

လေ့လာသုံးသပ်သူအများစုက ကမ္ဘာ့စီးပွားရေးအခြေအနေသည် "V" ပုံသဏ္ဌာန် တစ်ရှိန်ထိုး ပြန်လည်နာလန်ထူလာမည်ကို မမျှော်လင့်နိုင်ကြောင်း ရှုမြင်ထားကြပြီး၊ ရောဂါပြန့်ပွားမှုပြန်လည်မြင့်တက်လာမှုနှင့်အတူ ရောဂါထိန်းချုပ်ရေးအစီအမံများကြောင့် "U" ပုံသဏ္ဌာန် စီးပွားရေးတစ်ဖြည်းဖြည်း ပြန်လည် တိုးတက်လာမည့် အခြေအနေပင် မသေချာဘဲ အတက်အကျများစွာဖြင့် မတည်ငြိမ်သော "W" ပုံသဏ္ဌာန် စီးပွားရေးအခြေအနေကို မြင်တွေ့ရဖွယ်ရှိကြောင်း BIS ဘဏ်က သုံးသပ်ထား ပါသည်။ ဤအခြေအနေများကြောင့် ငွေးကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒ (၂) မျိုးလုံးအပေါ် ပိုမိုဖိအားပေးမှု ဖြစ်ပေါ်လာကာလက်ရှိအနေအထားမှာ ငွေကြေးမူဝါဒ (Monetary Policy) ပိုင်းနှင့်စပ်လျဉ်း၍ ဗဟိုဘဏ် များသည် ၎င်းတို့မှ ပုံမှန်ဆောင်ရွက်လေ့ရှိသောနည်းစနစ်များထက် ပိုမိုဆောင်ရွက်ထား ပြီးဖြစ်ကြကြောင်း၊ ဥပမာအားဖြင့် အတိုးနှုန်းများလျှော့ချခြင်းကဲ့သို့သော အစီအမံများ သာမက ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် ရန်ပုံငွေအဖွဲ့များ၏ ငွေဖြစ်လွယ်မှု (Liquidity) ပိုမိုရရှိစေရေးနှင့် ပုဂ္ဂလိကလုပ်ငန်းများ၏ အစုရှယ်ယာများအားဝယ်ယူခြင်း စသည့် အစီအမံတို့ကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ဗဟိုဘဏ် များ၏ ငွေဖြစ် လွယ်မှုတိုးတက်လာစေရေး အထောက်အကူပြုအစီအမံများကလည်း လုပ်ငန်းအချို့၏ ချေးငွေဝန်ထုပ်ဝန်ပိုးအပေါ် ကြွေးပြန်လည်မပေးဆပ်နိုင်သော အခြေအနေအား ပံ့ပိုးပေးနိုင် မည်မဟုတ်သောကြောင့် ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) များဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ပြထားပါသည်။

စီးပွားရေးထိခိုက်မှုများအား ကုစားနိုင်ရေးအတွက် ဘဏ္ဍာရေးမူဝါဒများကို အားမာန် အပြည့်ဖြင့် ဆောင်ရွက်လာကြရာ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသည် GDP ၏ ၁၀ ရာခိုင်နှုန်းအထိ အစောပိုင်းကာလများ၌ပင် လျာထားဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း၊ သို့သော် ယခင်ဖြစ်ပေါ်ခဲ့သော စီးပွားရေးကျဆင်းမှုကာလများနှင့် မတူသည် မှာ ရောဂါဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များကို ကန့်သတ်ထိန်းချုပ်မှုရှိသည့်အတွက် ဝယ်လိုအားမြှင့်တင်ပေးနိုင်ရေး လှုံ့ဆော်ပေးသော အစီအမံမှာ သုံးစွဲမှုမြင့်တက်လာရေး တွန်းအားပေးနိုင်ခြင်းမရှိသည့်အတွက် ယင်းအစီအမံအစားလုပ်ငန်းများ၏ ငွေသားစီးဆင်းမှုအခက်အခဲကို ပံ့ပိုးကူညီပေးရန် ဦးစားပေးသင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကန့်သတ်ချက်များဖြေလျော့ချိန်တွင် ပြန်လည်နာလန်ထူလာရေးအတွက် အထောက်အကူ ပြုပေးမည်ဖြစ်ကြောင်း၊ နောက်ပိုင်း ရောဂါထိန်းချုပ်နိုင်သည့်ကာလသို့ရောက်ရှိချိန်တွင် လုပ်ငန်းများအား ဦးစားပေးပံ့ပိုးကူညီပေးမှုများမှ အိမ်ထောင်စုများသို့ တဖြည်းဖြည်း ပြောင်းလဲ၍ ဦးစားပေးကူညီပေးရန်လိုအပ်ကြောင်း၊ မူဝါဒချမှတ်သူများအနေဖြင့် ကိုဗစ် ၁၉ အား ထိန်းချုပ်နိုင်သည်နှင့်တစ်ပြိုင်နက် ဆောင်ရွက်လေ့ရှိသော ဘဏ္ဍာရေး အထောက်အပံ့များကို ပိုမိုပြုလုပ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းပါး သော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်သွားသင့်ကြောင်း IMF က အကြံပြုထားပါသည်။

ဤသို့သော အကျပ်အတည်းကာလများတွင် အစိုးရများအနေဖြင့် စီးပွားရေးအပေါ် ထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် ငွေကြေးပမာဏအနည်းငယ်သာ သုံးစွဲမည် ဆိုပါက လုပ်ငန်းများ၏ ဒေဝါလီခံခြင်းနှင့် လုပ်သားများ အလုပ်အကိုင်ဆုံးရှုံးခြင်း အခြေအနေတို့မှာ ဆိုးရွားလာနိုင်ကြောင်း၊ အခြားတစ်ဘက်တွင်လည်း သုံးစွဲမှုများ ပြားပါက ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ ပိုမိုကြာရှည်သောအကျပ်အတည်းကာလကို ရင်ဆိုင်ရ နိုင်ကြောင်း၊ လုပ်ငန်းများ၏ ဒေဝါလီခံမှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်းမရှိလျှင် အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားများကို အချိန်တိုအတွင်း ဖျက်ဆီးလိုက်သကဲ့သို့ဖြစ်နိုင်ပြီး၊ အလား အလာမရှိသည့် လုပ်ငန်းအချို့အား လုပ်ငန်းရပ် တည်နိုင်ရေး ပံ့ပိုးပေးထားရပါကလည်း နိုင်ငံ၏ စီးပွားရေးနာလန်ထူနိုင်မှုအပေါ် နှေးကွေး စေမည်ဖြစ်ပါကြောင်း BIS ဘဏ်က သတိပေးထားပါသည်။ ကိုဗစ် ၁၉ ၏ အမွေသည် လာမည့်နှစ်များစွာအထိ သက်ရောက်မှုရှိနေနိုင်ပြီး၊ ကြိုတင်မသုံးသပ်နိုင်သော/ အသစ်ဖြစ် သော ပြဿနာ များလည်းပေါ်ပေါက်လာနိုင်သည့်အတွက် မူဝါဒချမှတ်သူများအနေဖြင့် စိတ်ချရသော/မလွှဲချော်နိုင်သောနည်းဗျူဟာများဖြင့် ဆောင်ရွက်သွားနိုင်ရန်မှာ ခက်ခဲမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် ကိုဗစ် ၁၉ ၏ သက်ရောက်မှုများအား ကုစားနိုင်ရေးအတွက် GDP ၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိသော ဘတ်ဂျက်အထောက်အပံ့ အစီအမံများဖြင့် ပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဘဏ္ဍရေးအစီအမံများအပြင် အနာဂတ်တွင် ဖြစ်ပေါ် လာမည့် စီးပွားရေးအတွက် အရည်အသွေးရှိပြီး၊ အဆင်သင့်ရှိသော နိုင်ငံ၏ လုပ်သားထု ဖြစ်နေစေရန် လေ့ကျင့်သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းစသည့် အစိုးရ၏ အစီအမံများမှာ ထူးခြားအံ့အားသင့်ဖွယ်ဖြစ်ပါကြောင်း BIS ဘဏ်က ပြောကြားထားပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊  စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ်။        ။  The Straits Times

Category: Singapore