Japan

ကိုရိုနာကပ်ရောဂါ ပြန့်ပွားနေသည့် ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးအခြေအနေများ ထိုင်းမှိုင်းနေ

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားကူးစေနေသဖြင့် ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်များတွင် သိသိသာသာထိခိုက်နစ်နာမှုများ ရင်ဆိုင်နေရသဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ကာလအတွင်း ထိုင်းမှိုင်းနှေးကွေးနေခဲ့ကြောင်း တွေ့ရပါသည်။

အရှေ့တောင်အာရှရှိ စီးပွားရေးအင်အားကြီး နိုင်ငံများ၏ စီးပွားရေးပိုင်း အချက် အလက်များအရ ထိုင်းနိုင်ငံ၏  GDP သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သုံးလပတ်တွင်  ၈ နှစ်တာအတွင်း အနိမ့်ဆုံးဖြစ်သည့် အနုတ် (- ၁.၈ %)  ကျဆင်း နေကြောင်းသိရပါသည်။ စင်္ကာပူနိုင်ငံ၏ စီးပွားရေးသည် ၂.၂ %  ကျဆင်းနေပြီး ဖိလစ်ပိုင်နိုင်ငံသည်  ၂၁ နှစ်တာကာလအတွင်း ပထမဦးဆုံးအဖြစ် ၀.၂ % လျော့ကျခဲ့ကြောင်း သိရ ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂.၉  %  ကျဆင်းခဲ့ပြီး ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် အထိုင်းမှိုင်းဆုံးဖြစ်ကြောင်း သိရပါသည်။

နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၇  %  ဝန်းကျင်ခန့်ဖြင့် ဆက်တိုက် တိုးတက်နေခဲ့ သည့်  ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည်  ယခုနှစ်  သုံးလပတ်ကာလ တွင် ၃.၈ %  အထိ လျော့ကျသွားကာ မလေးရှားနိုင်ငံ၏ တိုးတက်မှုနှုန်းမှာမူ ၀.၇ ရာခိုင်နှုန်း အထိ လျော့ကျခဲ့ကြောင်း သိရပါသည်။

ကိုရိုနာကပ်ရောဂါ၏ ကာလတာရှည်စွာ  ဂယက်ရိုက်မှုများကြောင့် အရှေ့တောင် အာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည်  ဧပြီလ မှ ဇွန်လအထိလာမည့် သုံးလပတ် ကာလတွင်လည်း ဆက်လက်၍ ထိုင်းမှိုင်းနှေးကွေးနေနိုင်ကြောင်း စီးပွားရေး ကျွမ်းကျင်ပညာရှင်များက လေ့လာသုံးသပ်နေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

Category: Japan