Japan

ကိုရိုနာကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ဟန်ချက်ညီစေရန် ဆွေးနွေးခဲ့

Last Updated:

တုပ်ကွေးရောဂါ တိုက်ဖျက်ရေးကျွမ်းကျင်သူများကောင်စီ လက်အောက်တွင် ဂျပန်အစိုးရက ဖွဲ့စည်းတည်ထောင်ထားသည့် "ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါထိန်းချုပ် ရေးဆပ်ကော်မတီ" ၏ ပထမအကြိမ် အစည်းအဝေးကို ဇူလိုင်လ ၆ ရက်နေ့တွင် မြို့တော် တိုကျိုတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကူးစက်ရောဂါ ထိန်းချုပ်ရေးကျွမ်းကျင်သူများအပြင် စီးပွားရေးကျွမ်းကျင်သူများနှင့် ဒေသန္တရအစိုးရအရာရှိများသည် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့်လူမှုစီးပွားရေးလှုပ်ရှားမှုများကို ဟန်ချက်ညီစေရန်၊ စစ်ဆေးရေးနည်းစနစ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆပ်ကော်မတီသည် စီးပွားရေးပညာရှင်များ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် စီရင်စုအုပ်ချုပ်ရေးမှူးများ အပါအဝင် လူဉီးရေ ၁၈ ဦးဖြင့် ဖွဲ့စည်းထား ရှိကြောင်းသိရပါသည်။ အစည်းအဝေးတွင် ဒေသဆိုင်ရာ ကျန်းမာရေးပိုင်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ Mr. Shigeru Omi က ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်း အဝေးတွင် တိုကျိုမြို့နှင့် အခြားဒေသများရှိ ရောဂါကူးစက်မှုအခြေအနေကို စစ်ဆေးရန်၊ ပွဲလမ်းသဘင်အခမ်းအနားများအတွက် ကန့်သတ်ချက်များကို လျှော့ချခြင်းဖြင့်  စီးပွားရေး လုပ်ဆောင်မှုများကို တဖြည်းဖြည်း မြှင့်တင်ပေးရန်၊ PCR နှင့် Antigen စမ်းသပ်မှုဆိုင်ရာ မဟာဗျူဟာအားချဲ့ထွင်ရန်၊ အစုအဝေး (Cluster) (ရောဂါကူးစက် ခံထားရသူများ) ကို ရှာဖွေဖော်ထုတ်ရန် စသည့်ကိစ္စရပ်များနှင့် ဆက်စပ်မှုရှိသော အချက်အလက်များ စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း စသည့်တို့ကို ပြုလုပ်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

ယင်းအစည်းအဝေး၏ အစတွင် စီးပွားရေးပြန်လည်ရှင်သန်လာရေး၀န်ကြီး နီရှီမူရာက ရောဂါကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်၊ ရောဂါစမ်းသပ်မှု၏ မဟာဗျူဟာအားချဲ့ထွင်ရန်၊ အစိုးရအနေဖြင့် ဆပ်ကော်မတီ၏အမြင်ကို နားထောင်၍ ကူးစက်ရောဂါ ထိန်းချုပ်ရေး နည်းလမ်းများကို ဆက်လက် လုပ်ဆောင်လိုကြောင်းနှင့် ပွင်းလင်းသော ဆွေးနွေးမှု ဖြစ်စေလိုကြောင်း  နှုတ်ခွန်းဆက်စကားတွင် ပြောကြားသွားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan