Japan

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန် ဂျပန်ဝန်ကြီးချုပ်က အရေးပေါ်အခြေအနေ ကြေငြာခဲ့

Last Updated:

ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe သည် နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် မြို့တော်တိုကျို အပါအဝင် အခြား စီရင်စု ၆ ခုအတွက် အရေးပေါ်အခြေအနေကို ဧပြီလ ၇ ရက်နေ့ညနေက ကြေငြာခဲ့ပါသည်။

တိုကျိုနှင့် အခြားသောမြို့ကြီးများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားလာခြင်းနှင့်  ရာဇဝင်ရှာဖွေမရနိုင်သည့် ကူးစက်မှုများလာခြင်းကြောင့် ထိုကဲ့သို့ အရေးပေါ်အခြေအနေကို ကြေငြာခဲ့ရခြင်းဖြစ်ပါသည်။ ပြည်သူများအကြားတွင်လည်း နေ့စဉ်ကူးစက်မှုပြန့်ပွားမှုနှုန်း မြင့်တက်လာနေသည့် အခြေအနေများ ကြောင့်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထိခိုက်လာနိုင်သည်ဟူသည့် စိုးရိမ်မှုများ မြင့်တက်လာ ခဲ့ပါသည်။

မကြာမီကာလက အသက်ဝင်ခဲ့သည့်  ဥပဒေအပေါ် အခြေခံထားသည့် အရေးပေါ်အခြေအနေကြေငြာချက်သည် တိုကျို (Tokyo)၊ ခါနာ့ဂါဝါ့ (Kanagawa)၊ ဆိုင်းတမ (Saitama)၊ ချိဘား (Chiba)၊ အိုဆာကာ (Osaka)၊ ဟျိုးဂိုး (Hyogo) နှင့် ဖူကုအိုကာ (Fukuoka) စီရင်စုများအပါအဝင် မေလ ၆ ရက်နေ့အထိ (၁ လ) အကျုံးဝင် သက်ရောက် မည်ဖြစ်ပါသည်။

ထိုကဲ့သို့ ကြေငြာချက်မထုတ်ပြန်မီ ဂျပန်အစိုးရအနေဖြင့် အစိုးရအကြံပေးအဖွဲ့၏ သဘောထားအမြင်ကိုရယူခဲ့ပြီး အခြားသောကမ္ဘာ့ နိုင်ငံများကဲ့သို့ သွားလာ ဝင်ထွက်မှုများ အားလုံးကို ကန့်သတ်ခြင်းမျိုးဆောင်ရွက်မည် မဟုတ်ပါကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါ သည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan