China(Nanning)

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုနှင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးရိုက်ခတ်မှုများ

Last Updated:

အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုဖြစ်ခဲ့သော တရုတ်နိုင်ငံသည် ကနဦး ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး များမကြာမီမှာပင် ကိုရိုနာရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်းကြောင့် စိန်ခေါ်မှုအခြေအနေသစ်ကို ထပ်မံ ရင်ဆိုင်လာရပြန်ပါသည်။

ကိုရိုနာရောဂါပိုးမှာ သာမန်အအေးမိခြင်းနှင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဖြစ်ပွားခဲ့ကာ ကမ္ဘာတစ်ဝှမ်း လူပေါင်း (၈၀၀) ကျော်ကို သေဆုံးစေခဲ့သော SARS ရောဂါပိုးတို့၏ မိသားစုဝင် ရောဂါပိုးတစ်မျိုးဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း SARS ရောဂါ ဖြစ်ပွားစဉ်အတွင်း နိုင်ငံပေါင်း (၃၇) နိုင်ငံသို့ ကူးစက်ခဲ့သော လူပေါင်း (၈၀၉၈) ဖျားနာ ကြလျက် လူ (၇၇၄) ဦး သေဆုံးခဲ့ကာ အမေရိကန်ဒေါ်လာ (၄၀)ဘီလီယံ တန်ဖိုးရှိ နစ်နာမှုများ ဖြစ်ခဲ့ရပါသည်။ တရုတ် နှင့် ဟောင်ကောင်တို့မှာ ၎င်းဖြစ်ပွားမှု၏ ဝန်ထုပ်ဝန်ပိုးများကို ခံစားခဲ့ရပါသည်။ SARS ရောဂါကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကူးစက်ရောဂါဖြစ်ပွားလာသည့်အခါ၌လည်း တရုတ်စီးပွားရေး၏ (၅၂) ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိသော ဝန်ဆောင်မှုကဏ္ဍနှင့် ကမ္ဘာတစ်ဝှမ်းနှင့် ကုန်သွယ်ဆက်ဆံနေသော ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ထိခိုက်မှုကြီးစွာ ဖြစ်ပေါ်လာရပြန်ပါသည်။

ယခုဖြစ်ပွားနေသော ကိုရိုနာရောဂါပိုးကို 2019-nCoV ဟု ခေါ်ဆိုပြီး ရောဂါလက္ခဏာ စတင်ပြရန် (၂) ရက်မှ (၁၄) ရက် အထိအချိန်ကြာမြင့်ပါသည်။ စတင်ဖြစ်ပွားချိန်မှ ဇန်နဝါရီ (၃၁) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး တွင် ရောဂါဖြစ်ပွားသူ လူဦးရေ (၉၀၉၆) ဦး ရှိပြီဖြစ်ကာ ဖြစ်ပွားသူဦးရေ (၁၀၀) ကျော်မှာ ပြည်ပနိုင်ငံများတွင် ဖြစ်ပွား ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံအတွင်း၌ သေဆုံးသူဦးရေ (၂၁၃) ဦး ရှိသွားပြီ ဖြစ်ပါသည်။ တရုတ်နိုင်ငံအတွင်း၌ ကူးစက်ခံထားရသူဦးရေ (၁၂,၁၆၇) ဦးခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဩစတေးလျနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူများကို တွေ့ရှိအတည်ပြုခဲ့ပါသည်။

တရုတ်နိုင်ငံတွင် အိမ်ထောင်စုဝင်ငွေ လျင်မြန်စွာတိုးတက်လာမှုကြောင့် တရုတ်ခရီးသွားများက နိုင်ငံခြားတိုင်းပြည် များသို့ သွားရောက်လည်ပတ်လာကြရာ ၂၀၀၃ ခုနှစ်တွင် ခရီးသွားသူ လူဦးရေ သန်း (၂၀) ရှိခဲ့ရာမှ ၂၀၁၈ တွင် ခရီးသွားသူ လူဦးရေ သန်း (၁၅၀) ရှိလာခဲ့ပါသည်။ တရုတ်ခရီးသွားများကို ဝန်ဆောင်မှုပေးသည့် ခရီးသွားကဏ္ဍမှာ ၂၀၀၃ ခုနှစ်က တရုတ် GDP ၏ (၂) ရာခိုင်နှုန်းသာ ပါဝင်သော်လည်း၊ ယခုအခါ (၅) ရာခိုင်နှုန်းခန့် ပါဝင်လာပါသည်။ ထိုကဲ့သို့ နှစ်ပေါင်း (၂၀) အတွင်း တိုးတက်လာမှုမှာ ယခုရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်နစ်နာမှုများ ရှိလာတော့မည် ဖြစ်ပါသည်။

ကိုရိုနာရောဂါပိုးပျံ့နှံ့မှုကြောင့် တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများအား ပြည်တွင်းပြည်ပ အုပ်စုလိုက် ခရီးသွားမှုများ ကိုတားမြစ်လိုက်သဖြင့် ခရီးသွားကဏ္ဍတွင် ကြိုတင်ဝယ်ယူထားသော လက်မှတ်များ၊ ဟိုတယ်အခန်းရယူထားမှုများကို ငွေပြန်အမ်းခဲ့ရပါသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းအွန်လိုင်းခရီးသွားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သော Trip.com မှ အမေရိကန်ဒေါ်လာ သန်း (၂၀၀) တန်ဖိုးရှိ ဘေးအန္တရာယ်လျော့ပါးသက်သာရေးရန်ပုံငွေကို ထူထောင်ထားရကြောင်း သိရပါသည်။ တရုတ်နှစ်သစ်ကူး ကာလ၏ ပထမနေ့တွင်ပင် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွားမှုစုစုပေါင်း (၂၈.၈) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး လေကြောင်းဖြင့် ခရီးသွားမှု (၄၁.၆) ရာခိုင်နှုန်း၊ မီးရထားဖြင့် ခရီးသွားမှု (၄၁.၅) ရာခိုင်နှုန်း၊ ကုန်းလမ်းဖြင့် ခရီးသွားမှု (၂၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

တရုတ်အစိုးရက ထိုကဲ့သို့ဆောင်ရွက်လိုက်သဖြင့် တရုတ်၏ အဓိကလေကြောင်းလိုင်းကြီး (၃) လိုင်းဖြစ်သည့် Air China China Southern  နှင့် China Eastern တို့၏ အစုရှယ်ယာဈေးနှုန်းများမှာ ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့တွင် (၂.၅) ရာခိုင်နှုန်းအထက် ထိုးကျခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အာရှ-ပစိဖိတ် စီးပွားရေးတွင် ထိခိုက်မှုများ ရှိလာနိုင် ပါသည်။ အထူးသဖြင့် လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆွေးနွေးပွဲများ၊ အားကစားပွဲများ၊ ကမ္ဘာလှည့် ခရီးသွားနှင့် လေကြောင်းလိုင်းများတွင် များစွာဆုံးရှုံးမှုများ ရှိလာနိုင်ပါသည်။ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဩစတေးလျနိုင်ငံများရှိ ခရီးသွားနှင့် ဆက်စပ်နေသော ကဏ္ဍများတွင် အထူးနစ်နာမှုများရှိလာနိုင်ပြီး၊ အာရှ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ခက်ခဲမှုများနှင့် ရင်ဆိုင်လာရနိုင်ပါသည်။

၎င်းနိုင်ငံများအနက် ထိုင်း၊ ဂျပန်နှင့် ဗီယက်နမ်တို့မှာ ထိခိုက်နစ်နာမှုအများဆုံး ရှိလာနိုင်မည်ဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော် ထိုင်းနိုင်ငံသို့ နှစ်စဉ်သွားရောက်လည်ပတ်သည့် တရုတ်ခရီးသွားဦးရေမှာ ၂၀၁၂ ခုနှစ်အတွင်း (၂.၇) သန်းသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် (၁၀.၅) သန်းရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်း တရုတ်ခရီးသွား များ၏ သုံးစွဲမှုမှာ အမေရိကန်ဒေါ်လာ (၁၇) ဘီလီယံ ခန့်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဂျပန်နိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်အတွင်း တရုတ်ခရီးသွား (၉.၆) သန်းကို လက်ခံခဲ့ပြီး စုစုပေါင်း ပြည်ပခရီးသည်ဦးရေ၏ (၃၀) ရာခိုင်နှုန်းခန့် ပါဝင် ခဲ့ပါသည်။ ထို့အတူ ဗီယက်နမ်နိုင်ငံသို့ လာရောက်သော ပြည်ပခရီးသည် စုစုပေါင်း၏ သုံးပုံတစ်ပုံမှာ တရုတ်ခရီးသွား များဖြစ်ကြပြီး၊ ဩစတေးလျနိုင်ငံတွင်မူ (၁၅) ရာခိုင်နှုန်းခန့်ပါဝင်ပါသည်။

အာရှနှင့် ပစိဖိတ်ဒေသရှိနိုင်ငံများ၏ အစိုးရများအနေဖြင့် လာမည့်ကာလဖွံ့ဖြိုးမှုကို လှုံ့ဆော်မှုပြုနိုင်ရန် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများစွာကို တန်ပြန်ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် ခရီးသွားကဏ္ဍကဲ့သို့သော ဝန်ဆောင်မှုကဏ္ဍ များတွင် လုပ်သားလျော့ချမှုများအတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသင့်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Chan Chun Sing က ပြောကြားထားပါသည်။

တရုတ်နိုင်ငံသည် အမေရိကန်နှင့် အဆင်ပြေစအချိန်၊ ၎င်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းထားစေရန် ပြည်တွင်းစားသုံးမှုကို အားပေးမြှင့်တင်မှု ဆောင်ရွက်နေချိန်၌ ယခုကဲ့သို့ ကြုံတွေ့ရခြင်းမှာ များစွာအထိနာလှပါသည်။ အထူးသဖြင့် တရုတ်နွေဉီးရာသီပွဲတော်ကာလအတွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်နားထား၍ စူပါမားကက်များ၊ ဈေးများတွင် ကုန်စည်နည်းပါး နေသည့်အချိန်၌ ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်ပျံနှံ့မှုကြောင့် လုပ်ငန်း များပြန်လည်စတင်နိုင်ခြင်းမရှိကြသေးပါ။ အစိုးရရုံးများနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုလည်း ပြင်ဆင် ရွှေ့ဆိုင်းထားရပါသည်။ စူပါမားကက်များ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ကုန်စည်ထောက်ပံ့မှု အလွန်နည်းပါးနေ သဖြင့် အိမ်ထောင်စုများမှ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အိမ်အသုံးအဆောင်များ ၊ ကျန်းမာရေး ကာကွယ်စောင့် ရှောက်သည့်ပစ္စည်းများကို ဝယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့နေရပါသည်။ အွန်လိုင်းပေါ်မှ ပစ္စည်းများကို ပို့ဆောင်ပေးသူအချို့တွင်လည်း ဗိုင်းရပ်စ် ရောဂါကူးစက်မှုဖြစ်ပွားသည်ဟူသည့် သတင်းများကြောင့် အွန်လိုင်းပေါ်မှ ဈေးရောင်းချသောနေရာများနှင့် ၎င်းတို့၏ ကုန်ပစ္စည်းများကို လိုက်လံပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများပါ လည်ပတ်မှုရပ်ဆိုင်းထားရပါသည်။ အားလုံးခြုံငုံ၍ သုံးသပ်ရလျှင် တရုတ်တစ်နိုင်ငံတည်း၌ပင် ပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများမှာ များစွာထိခိုက်နစ်နာလျက်ရှိပါသည်။

SARS ရောဂါဖြစ်ပွားစဉ်က တရုတ်၏ နှစ်စဉ် ဖွံ့ဖြိုးမှုနှုန်းမှာ ပထမသုံးလပတ်တွင် (၁၁.၁) ရာခိုင်နှုန်းရှိခဲ့ရာမှ ဒုတိယ သုံးလပတ်တွင် (၉.၁) ရာခိုင်နှုန်းသို့ ရုတ်ချည်းထိုးကျခဲ့ပါသည်။ ယခု ကိုရိုနာဗိုင်းရပ်စ်ကြောင့်မူ တရုတ်၏ ဖွံ့ဖြိုးမှုနှုန်း မှာ ပိုမိုဆိုးရွားဖွယ်ရှိနေပါသည်။ သို့ရာတွင် SARS ကင်းရှင်းသွားချိန် တတိယသုံးလပတ်၌ တရုတ်၏ ဖွံ့ဖြိုးမှုနှုန်းမှာ (၁၀) ရာခိုင်နှုန်းသို့ ချက်ချင်းပြန်တက်လာသောကြောင့် ကိုရိုနာရောဂါပိုး ကင်းစင်သွားချိန်၌ အလားတူ မျှော်လင့်၍ရ ကြောင့် Commerzbank မှ Hao နှင့် Wagner တို့က သုံးသပ်ကြပါသည်။ ကမ္ဘာ့စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံပွားနေမှု လျင်မြန်စွာ လျော့ပါးသက်သာလာ မှသာ ၂၀၂၀ ခုနှစ်၏ ကမ္ဘာ့စီးပွားရေးတိုးတက်မှုလမ်းကြောင်းမှာ မျှော်မှန်းထားသကဲ့သို့ တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။

 

ရင်းမြစ်၊ CNBC နှင့် CNN

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)