Japan

ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရေး မူဘောင်တစ်ခု ထူထောင်ကြရန် ဂျပန်နှင့်ဥရောပသမဂ္ဂ သဘောတူခဲ့ကြခြင်း

Last Updated:

ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe နှင့် ဥရောပသမဂ္ဂ (EU) ၏ ခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နိုင်မည့် ကုသဆေးနှင့် ကာကွယ်ဆေးများကို မည်သည့်နိုင်ငံကမဆို ရရှိနိုင်ရေး အာမခံဆောင်ရွက်ပေးမည့်် မူဘောင်တစ်ခုနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရန် သဘောတူခဲ့ကြပါသည်။

ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe သည်  ဥရောပကောင်စီဥက္ကဋ္ဌ Mr. Charles Michel  ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ms. Ursula von der Leyen တို့နှင့် မေလ ၂၆ ရက်က Video Conferencing ဖြင့် အစည်းအဝေးဆောင်ရွက်ခဲ့ပြီး ကိုရိုနာ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထောက်အပံ့ပေးရန်ကိစ္စမှာ အရေးပါကြောင်းကို သဘောတူခဲ့ကြကြောင်း သိရပါသည်။

ကပ်ရောဂါ ကုသဆေးများနှင့် ကာကွယ်ဆေးများကို  တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရရှိနိုင်စေရေးအတွက် စီမံခန့်ခွဲနိုင်မည့် နိုင်ငံတကာမူဘောင်တစ်ခု ဆောင်ရွက်ရန် Mr. Abe က အဆိုပြုခဲ့ပါသည်။ ဂျပန်နှင့် ဥရောပသမဂ္ဂခေါင်းဆောင်များသည် အဆိုပါ အရေးကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့၏  ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း သိရပါသည်။

စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ Mr. Abe က ကမ္ဘာ့စီးပွားရေးသည် ယခင်ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းနှင့် တွေ့ကြုံခဲ့ရသည့် အချိန်ကထက် အများကြီး ပိုမိုဆိုးရွားသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း လူမှုအဖွဲ့အစည်း၏ ပုံစံအသစ်ကို ပြောင်းလဲရန် အခွင့်အလမ်းတစ်ခုပင်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ကမ္ဘာ့ကုန်စည်ဖြန့်ဖြူးရေးဆိုင်ရာ ကွင်းဆက်တွေ ပိုမိုအားကောင်းအောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံများကို ဖြတ်ကျော်၍ လုံခြုံစိတ်ချရသော ဒေတာသတင်းအချက်အလက်များ စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာဆွေးနွေးမှုများကို လှုံ့ဆော်အားပေးရန် လိုအပ်ပါကြောင်းကို ခေါင်းဆောင်များက အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

လက်ရှိ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍လည်း  ဘက်လိုက်မှုမရှိ၊ လွတ်လပ်စွာနှင့်  ပြည့်ပြည့်စုံစုံ သုံးသပ် အကဲဖြတ်မှုမျိုးကို Mr. Abe က တောင်းဆိုခဲ့ပြီး Mr. Michel ကလည်း  ဂျပန်ဝန်ကြီးချုပ်နှင့် အလားတူအမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကိုရိုနာကပ်ရောဂါအပေါ် ကမ္ဘာတစ်ဝှမ်းလုံးက ထိထိရောက်ရောက် တုံ့ပြန်နိုင်ရန်အတွက် မှန်ကန်သည့် အကြောင်းအရာများကို အခြေပြုသည့် သတင်းအချက်အလက်များ ရရှိနိုင်ရန်မှာ အရေးကြီးပါကြောင်းကို  ခေါင်းဆောင်များအားလုံးက သဘောတူညီခဲ့ကြပါသည်။

ဂျပန်နှင့် ဥရောပသမဂ္ဂတို့အကြား မကြာသေးမီက တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က သက်ဝင်ခဲ့သည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နေကြသကဲ့သို့ ကိုရိုနာတိုက်ဖျက်ရေးအတွက် ဂျပန်နှင့် ဥရောပသမဂ္ဂအကြား မဟာဗျူဟာမိတ်ဖက်ပြုဆောင်ရွက်မှုကို အရေးပါသည့် အခန်းကဏ္ဍအနေဖြင့် မြှင့်တင်ဆောင်ရွက်သွားရန်ကိုလည်း ကတိပြုခဲ့ကြပါသည်။ ထို့အပြင် လာမည့် ဇွန်လနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် G-7 ထိပ်သီးအစည်း အဝေးကို အောင်မြင်စွာ တက်ရောက်ဆွေးနွေးနိုင်ရန်ကိုလည်း သဘောတူခဲ့ကြကြောင်း သိရပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan