India (Delhi)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုက အိန္ဒိယ၏ ပြည်ပပို့ကုန်အချို့ကို ဝယ်လိုအား မြင့်တက်လာ စေဖွယ်ရာရှိခြင်း

Last Updated:

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လျက် ၎င်း၏ပြည်ပကုန်သွယ် ရောင်းဝယ်မှုများ နှေးကွေးလာခြင်းက အိန္ဒိယ၏ ပို့ကုန် လုပ်ငန်းအချို့အပေါ် ဝယ်လိုအားမြင့် တက်မှုကို ဖြစ်ပေါ်လာစေဖွယ်ရာရှိပါသည်။

ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်ကာလမှစ၍ အိန္ဒိယနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပပို့ကုန်လုပ်ငန်းများသည် အမေရိကန်နှင့် ဥရောပသမဂ္ဂ နိုင်ငံများရှိ သွင်းကုန်လုပ်ငန်းများ ထံမှ ကြွေထည်မြေထည်ပစ္စည်းများ၊ အိမ်သုံးကုန်စည်များ၊ ဖက်ရှင်နှင့်ဝတ်စားဆင်ယင်မှုပစ္စည်းများ၊ အထည်အလိပ် များ၊ အင်ဂျင်နီယာလုပ်ငန်းသုံးကုန်စည်များနှင့် ပရိဘောဂထုတ်ကုန်များ ဝယ်ယူရရှိနိုင်မည့်အခြေအနေအား မေးမြန်းမှု ပိုမိုများပြားလာခဲ့ကြောင်း၊ တစ်ပတ်တာကာလအတွင်း ပြည်ပရှိကုမ္ပဏီလုပ်ငန်းအသစ် ၅၀ ကျော်ထံမှ အဆိုပါကုန်ပစ္စည်းများ ဝယ်ယူလို ကြောင်း အမှာစာများကို လက်ခံရရှိခဲ့ ကြောင်းဖြင့် အိန္ဒိယလက်မှုလုပ်ငန်းပစ္စည်းများ ပို့ကုန်မြှင့်တင်ရေးကောင်စီမှ ညွှန်ကြားရေးမှူးချုပ် Mr. Rakesh Kumar က ပြောဆိုပါသည်။

အလားတူ စပိန်နိုင်ငံ၌ ကျင်းပလျက်ရှိသော ကြွေထည်မြေထည်ပစ္စည်းပြပွဲတွင် အိန္ဒိယ ကုမ္ပဏီ ၅၅ ခုက ပါဝင်ခင်းကျင်းပြသလျက်ရှိရာ ဒေသခံ ကုန်သည်လုပ်ငန်းရှင်များ၏ ဝယ်ယူရန် စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရောင်းချ နေရသည့် ကြွေပြားများအား တိုးမြှင့်တင်ပို့နိုင်မည့် အလားအလာများရှိကြောင်းဖြင့် နယူးဒေလီမြို့ခံ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားကြောင်း Economic Times သတင်းဌာနက ဖော်ပြ ပါသည်။

တန်ဖိုးအားဖြင့် ရူပီးငွေ သန်း ၈၀၀ ကျော်ရှိသည့် အထည်အလိပ်ပစ္စည်းများအား လစဉ် ပြည်ပသို့ တင်ပို့လျက်ရှိသော Technocraft Industries (India) လီမိတက်၏ ဥက္ကဌ Mr. Sharad Kumar Saraf က ၎င်းတို့ကုမ္ပဏီအနေဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများရှိ ကုန်သည်များထံမှ အထည်ချုပ် ပို့ကုန် ရူပီးငွေ သန်း ၁၀၀ ကျော်ဖိုး မှာယူလိုကြောင်း စုံစမ်းမေးမြန်းမှုများကို လက်ခံရရှိခဲ့ကြောင်း၊ သို့ရာတွင် အိန္ဒိယအထည်ချုပ် ၏လုပ်ငန်း များ၏ ကုန်ထုတ်စွမ်းအားမှာ ကန့်သတ်ချက်များရှိနေပြီး ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ကျွမ်းကျင်မှုအရည်အသွေး လိုအပ်ချက်ရှိကြောင်း၊ လက်ရှိ ကုန်ထုတ် လုပ်နိုင်မှုအပေါ် ၂၅% ပိုမိုမြှင့်တင်နိုင်ရန်မှာ ၆ လတာခန့် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမှ သက်ရောက်မှုအဖြစ် အိန္ဒိယပို့ကုန်အချို့၏ ဝယ်လို အားမြင့်တက်လာနိုင်ချေရှိသော်လည်း ဖိနပ်အောက်ခံပြား များနှင့် အဆင်တန်ဆာပစ္စည်းများ ကဲ့သို့သော အစိတ်အပိုင်းများအား တရုတ်နိုင်ငံ အပေါ် မှီခိုအားထားနေရသည့် အိန္ဒိယပြည်တွင်းရှိ ဖိနပ်နှင့် သားရေ ထည်ပို့ကုန်လုပ်ငန်းများမှာမှု သွင်းအားစုကွင်းဆက် (Supply chain) ပုံပျက်ယွင်းမည့် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။ အိန္ဒိယပို့ကုန်လုပ်ငန်းအဖွဲ့အစည်းများ အသင်းချုပ်ကမူ ဓာတုထုတ်ကုန်များ၊ အင်ဂျင်နီယာလုပ်ငန်းသုံးပစ္စည်းများနှင့် ရေထွက်ပို့ကုန်ဆိုင်ရာ လုပ်ငန်းများ၌ ပိုမိုအကျိုးဖြစ် ထွန်းလာရန် မျှော်မှန်းလျက်ရှိကြောင်း သိရှိရသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Coronavirus effect: Global buyers turn to India for textiles, ceramics and homeware, 8 Feb 2020, Economic Times

Category: India (Delhi)