Japan

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဂျပန်နိုင်ငံ၏ စားသုံးမှုအသုံးစရိတ် ၁၁.၁% လျော့ကျခဲ့

Last Updated:
ဂျပန်နိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ထောင်စုပေါင်း (တစ်ဉီးတည်းသော အိမ်ထောင်စုမပါ) လူဉီးရေ ၂ ယောက်အထက်ရှိ အိမ်ထောင်စုများကို ကောက်ယူခဲ့သည့် အိမ်ထောင်စုစစ်တမ်းအရ အမှန်တကယ် စားသုံးမှု အသုံးစရိတ်သည် မိသားစုတစ်စုလျှင် ယန်း ၂၆ သောင်းကျော်ခန့်သာ ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့်် နှိုင်းယှဉ်ပါက ၁၁.၁ % လျော့ကျခဲ့ကြောင်း ၊  ယခုနှစ် ကျဆင်း မှုသည် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလက ကျဆင်းခဲ့မှုထက်သာလွန်၍ စံချိန်တင်ကျဆင်းမှု ဖြစ်ပါ ကြောင်းဟု ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက်နေ့တွင်  ထုတ်ပြန်ခဲ့ပါသည်။ 
၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ကိုရိုနာကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန် အစိုးရက ဂျပန်တစ်နိုင်ငံလုံး အရေးပေါ်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး မလိုအပ်ဘဲ အိမ်အပြင် ထွက်ခြင်းမပြုရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ဆိုင်များပိတ်သိမ်းရန် တောင်းဆိုခဲ့သည့် အတွက် ရောင်းလိုအားသိသိသာသာကျဆင်းလာခဲ့ပါသည်။ Telework ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် အပြင် ထွက်၍ စားသောက်ခြင်းများ၊ ဖျော်ဖြေရေးအတွက် သုံးစွဲမှုများ၊ ရထားခအသုံးစရိတ်များ စသည်တို့ ကျဆင်း သွားကြောင်း တွေ့ရပါသည်။ 
နေအိမ်အပြင်ထွက် စားသောက်ခြင်းအတွက် သုံးစွဲကုန်ကျစရိတ်မှာ  ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၆၃.၃ % ၊ အဖျော်ယမကာအတွက် သုံးစွဲ ကုန်ကျငွေမှာ ၉၀.၃ %  ဖြင့် ကျဆင်းမှု အများဆုံးဖြစ်သည်ကို တွေ့ရပါသည်။  လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်  ၈.၁ % ၊ ရထားခရရှိငွေ ၈၉.၉ % ၊ လပေးရထားခငွေ ၄၁.၂ % အသီးသီး လျော့ကျသွားခဲ့ကြောင်း၊ အကြောင်းမှာ အစိုးရက အရေးပေါ်ကာလအတွင် နေအိမ်ပြင်ပမထွက်ရန်  တိုက်တွန်းမှုနှင့် နေအိမ်တွင်နေ၍ Telework အသုံးပြုခြင်းကြောင့်  ဖြစ်ကြောင်း သုံးသပ်ထားပါသည်။ 
ဖျော်ဖြေရေးကဏ္ဍတွင် ၃၃.၉ % ၊ အဝတ်အထည်နှင့် ဖိနပ်စသည့် အသုံးအဆောင်များ ဝယ်ယူသုံးစွဲမှုတွင် ၅၅.၄ % ကျဆင်းခဲ့ပြီး ကျောင်းဝင်ခွင့် အခမ်း အနားစသည်တို့အတွက် သုံးစွဲမှုများလည်း လျော့ကျခဲ့ကြောင်း တွေ့ရပါသည်။ သုတေသနပညာရှင်များ၏ ပြောကြားချက်အရ စားသုံးမှုအသုံးစရိတ်သည် corona shock မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိရန် တစ်နှစ်ကျော်ကြာနိုင်ကြောင်းသိရပါသည်။ 
ဂျပန်နိုင်ငံ၏ ပြည်တွင်းစားသုံးမှု အသုံးစရိတ်သည် ကိုရိုနာကပ်ဘေးမဖြစ်ပွားခင်အချိန် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် တစ်နှစ်ကျော်ခန့် ကြာမြင့်နိုင်ကြောင်း ၊ ဗိုင်းရပ်စ်ကာကွယ် ဆေး မတွေ့ရှိသေးပါက စားသုံးသူဝယ်လိုအား ဆက်တိုက် ကျဆင်းနေမည်ဖြစ်ကြောင်း၊ မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း များ၏ ဝယ်လိုအားသာ တိုးတက်လာနိုင်ကြောင်း  စျေးကွက်သုံးသပ်သူများက ခန့်မှန်းပြောကြားခဲ့ပါသည်။
တစ်ဖက်တွင် နေအိမ်အတွင် သုံးစွဲသည့် အသုံးစရိတ်များ ဖြစ်သည့် ရေ၊ မီး သုံးစွဲမှု ကုန်ကျ စရိတ် ၇.၄ % တိုးတက်လာပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က အိမ်ထောင်စုတစ်စု၏ ပေးဆောင်ရသည့် ကုန်ကျစရိတ်ထက် သာလွန်ကြောင်း တွေ့ရပါသည်။ ထို့အပြင် ဂိမ်းကစားမှုအတွက် သုံးစွဲကုန်ကျ ငွေတိုး တက်လာပြီး ဂိမ်းစက်ပစ္စည်းများ ဝယ်လိုအား တိုးတက်လာသည့်အတွက် ၎င်းအတွက် သုံးစွဲ ကုန်ကျမှု ၆၈.၂ % တိုးလာပါသည်။ ကွန်ပျူတာသုံးစွဲမှုလည်း ၇၂.၃ % တိုးမြှင့်လာသကဲ့သို့ အင်တာ နက်သုံးစွဲခသည်လည်း ၁၇.၇ % တိုးတက်လာကြောင်းကို နေအိမ်တွင်နေ၍ Telework အသုံးပြုမှု၏ သက်ရောက်မှုအဖြစ် တွေ့ရပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

 

 

 

Category: Japan