Korea

ကိုရီးယားသမ္မတနိုင်ငံ၊ Namkwang Engineering & Construction Co., Ltd.၏ Senior Vice President ဖြစ်သူ Dr. James, Jeong Hwan Kim အား မြန်မာသံအမတ်ကြီးမှ လက်ခံတွေ့ဆုံခဲ့

Last Updated:

၃၀-၇-၂၀၂၀ ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Namkwang Engineering & Construction Co., Ltd. ၏ Senior Vice President ဖြစ်သူ Dr. James, Jeong Hwan Kim အား မြန်မာသံရုံး (ဆိုးလ်မြို့)၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် Namkwang Engineering & Construction Co., Ltd.(Namkwang E & C) ၏ Senior Vice President ဖြစ်သူ Dr. James, Jeong Hwan Kim မှ Namkwang E & C လုပ်ငန်းစု အကြောင်းအား မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပြု သင်တန်းကျောင်း (Vocational Training School) ရင်းနှီးမြှုပ်နှံလိုမှုနှင့် ယင်းသင်တန်းကျောင်းမှ ကျွမ်းကျင်လုပ်သားများ၊ ပညာရှင်များအား ပြုစုပျိုးထောင်ကာ ကိုရီးယားသမ္မတနိုင်ငံ၊ Namkwang E & C တွင် အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ပေးရေး စီမံကိန်းကို အဆိုပြုတင်ပြခဲ့ရာ သံအမတ်ကြီးမှ မြန်မာနိုင်ငံ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ပါသည်။

ဆွေးနွေးချက်များအရ Namkwang Engineering & Construction လုပ်ငန်းစုသည် (၁၉၄၇) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းလုပ်ငန်းစုအောက်တွင် Namkwang Engineering & Construction Co., Ltd.၊ Kukdong Co., Ltd. နှင့် GumGwang Co., Ltd. ဟူ၍ ကုမ္ပဏီ(၃)ခု ရှိကြောင်း၊ အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး နှင့်ဆက်နွယ်သည့် လျှပ်စစ်လုပ်ငန်းများ၊ ဗိသုကာလုပ်ငန်းများ၊ ODA စီမံကိန်းများကို အရှေ့တောင်အာရှဒေသအပါအဝင် ကမ္ဘာ့နိုင်ငံများတွင်ပါ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရပြီး၊ လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများအတွက် တောင်ကိုရီးယားအစိုးရ အသိအမှတ်ပြု ဆုတံဆိပ်များကိုလည်းရရှိခဲ့ကြောင်း၊  မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်သား နှင့်ပညာရှင်များလေ့ကျင့်မွေးထုတ်၍ တောင်ကိုရီးယား၌ အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်စီစဉ်ပေးနိုင်မည့် အသက်မွေးဝမ်းကျောင်းပြုသင်တန်းကျောင်း(Vocational Training School)ကိုတည်ထောင်ရေး(သို့မဟုတ်) မြန်မာအစိုးရနှင့်လိုအပ်သကဲ့သို့ ပူးပေါင်းဆောင်ရွက်ရေးအတွက်ရ င်းနှီးမြှုပ်နှံရန် အထူး စိတ်အားထက်သန်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea