Korea

ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဉီးချင်းဝင်ငွေ (Per Capita Income) သည် ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးသောကျဆင်းမှုသို့ ဦးတည်ဖြစ်ပေါ်နေသည့် အခြေအနေတင်ပြခြင်း

Last Updated:

မေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် ကိုရီးယားသမ္မတနိုင်ငံ၌ ကိုရီးယားဝမ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာတန်ဖိုးထက် ကျဆင်းမှုများဖြစ်ပေါ်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ လူတစ်ဉီးချင်းစီ၏ စုစုပေါင်းအမျိုးသားဝင်ငွေ (Nation’s Per Capital Gross National Income)သည် ဆယ်စုနှစ်တစ်ခုတာကာလအတွင်း အကြီးမားဆုံးသော ကျဆင်းမှုကို ဖြစ်ပေါ်ခဲ့ကြောင်း Bank of Korea (BOK) ၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်းတွင် ဖော်ပြချက်အရ သိရှိရပါသည်။

လူတစ်ဉီးချင်းစီ၏ စုစုပေါင်းအမျိုးသားဝင်ငွေ (GNI per Capita)သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၂,၁၁၅) ရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ်ထက် (၄.၃) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ကမ္ဘာလုံးဆိုင်ရာငွေကြေးအကျပ်အတည်းကာလတွင် (၁၀.၄) ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ၂၀၀၉ ခုနှစ်ကနှုန်းထက်ပင်ပိုမိုသည့် အကြီးမားဆုံးသော ကျဆင်းမှုဖြစ်ခဲ့ကြောင်း၊ ယခုကဲ့သို့  GNI Per Capita ကိန်းဂဏန်း၏ ကျဆင်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင်ပါ COVID−19 ရိုက်ခတ်မှု၏ ကျိုးဆက်အဖြစ် နိုင်ငံတွင်းနှင့် ပြည်ပ သက်ရောက် မှုများကြောင့် အမေရိကန်ဒေါ်လာ (၃၀,၀၀၀) အောက်သို့ပင် ကျဆင်းလာနိုင်ကြောင်းနှင့် ကမ္ဘာ့ကပ်ရောဂါက ပြည်တွင်းစီးပွားရေးကို ပြင်းထန်စွာရိုက်ခက်ကာ ပြည်ပပို့ကုန်နှင့် ပုဂ္ဂလိကသုံးစွဲမှုများတွင်ပါ သိသာစွာကျဆင်းသွားနိုင်ကြောင်း ဖော်ပြထားပါသည်။

ဗဟိုဘဏ် Bank of Korea (BOK) က ၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံး ကိုရီးယားဝမ် တန်ဖိုးသည် အမေရိကန်ဒေါ်လာတန်ဖိုးထက် ၅ ရာခိုင်နှုန်းထက်ပိုမိုကျဆင်းနေပါက ယခုခန့်မှန်းချက်မှာဖြစ်နိုင်ကြောင်းနှင့် ကိုရီးယားဝမ် မှ အမေရိကန်ဒေါ်လာသို့ ငွေလဲလှယ်နှုန်းမှာ နှစ်ကုန်အထိ အမေရိကန်(၁)ဒေါ်လာလျှင် (၁၂၅၀ ဝမ် မှ ၁၂၆၀ ဝမ်)အတွင်းတွင် ရှိနေသင့်ကြောင်း၊  အကယ်၍ စီးပွားရေးကျဆင်းမှုကိုကာကွယ်ရန် ငွေကြေးဆိုင်ရာမူဝါဒပြောင်းလဲမှုလုပ်ငန်းစဉ်များကို အစိုးရကထပ်မံ၍လုပ်ဆောင်ခဲ့လျှင် GNI ကျဆင်းမှုသည် အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ဝန်းကျင်ထိ ရောက်နိုင်မည့်အနေအထားများနည်းပါးသွားနိုင်မည်ဟု ပြည်တွင်းစီးပွားရေးပညာရှင်များက သုံးသပ်ထားကြကြောင်း သိရှိရပါသည်။

အစိုးရက Gross National Income (GNI) ကို အမေရိကန်ဒေါ်လာ (၃၀,၀၀၀) အထက် ဖြစ်စေရေးထိန်းသိမ်းရန် ငွေကြေးဆိုင်ရာမူဝါဒများ ထပ်တိုးမိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ ဉပမာ အနေဖြင့် ငွေကြေးဆိုင်ရာလုပ်ပိုင်ခွင့်ရှိသူများက COVID−19 ကြောင့် ထိခိုက်နေသော ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများအား နောက်ထပ် အရေးပေါ်ကုစားရေးရန်ပုံငွေများကို ခွင့်ပြုပေးနိုင်ကြောင်း Korea Capital Market Institute မှ စီးပွားရေးပညာရှင် Noh San-ha ကပြောကြားခဲ့ပါသည်။ ဗဟိုဘဏ်ကလည်း GDP သည် ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်ကာလအတွင်း (၁.၃) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး၊ ၂၀၀၈ ခုနှစ်၏ စတုတ္တသုံးလပတ်ကာလတွင်  ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးသည့်နောက် အကြီးမားဆုံးသော ကျဆင်းမှုပင်ဖြစ်ကြောင်း၊ ထိုသို့ကျဆင်းခဲ့ခြင်းမှာ ကပ်ရောဂါ ကြောင့် ပို့ကုန်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍသုံးစွဲမှုနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ကျဆင်းမှုများကြောင့်ဖြစ်ကြောင်း Bank of Korea ကပြောကြားထားသည်။ ဝန်ဆောင်မှုကဏ္ဍသည် COVID−19 ကြောင့် အထိခိုက်ခံရဆုံးသောကဏ္ဍများတွင်တစ်ခုပါဝင်ပြီး ဝန်ဆောင်မှု ကဏ္ဍတွင် သယ်ယူပို့ဆောင်ရေး၊ အစားအစာ၊ လက်လီကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းများပါဝင်ပြီး၊ ထိုကဏ္ဍများသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လတို့အတွင်းတွင် အနီးစပ်ဆုံး သုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက (၂.၄) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ဒုတိယသုံးလပတ်တွင် GDP သည်ပိုမိုကျဆင်းနိုင်ကြောင်း ဗဟိုဘဏ် Bank of Korea (BOK) က ခန့်မှန်းထားရာ၊ လက်ရှိအနေအထားမှသည် နောက်ထပ် (၂) ရာခိုင်နှုန်း ထပ်မံကျဆင်းသွားနိုင်ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် ဇွန်လအတွင်း GDP အခြေအနေများက ပို့ကုန်တင်ပို့နိုင်မှုနှင့် အစိုးရ၏စီးပွားရေးပြန်လည်တည့်မတ်ရန် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများ တိုးချဲ့ဆောင်ရွက်ပေးနိုင်မှုတို့အပေါ်တွင်မူတည်နေမည်ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန် -တရုတ် ကုန်သွယ်ရေး အငြင်းပွားမှု ဆိုင်ရာကိစ္စ၏ တိုးတက်မှုအခြေအနေများက ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအလားအလာပေါ်တွင် သက်ရောက်မှုရှိသည်ကိုလည်း သတိမူရန်လိုအပ်ကြောင်းစသည်ဖြင့် ဗဟိုဘဏ် Bank of Korea (BOK)၏ စီးပွားရေးဆိုင်ရာစာရင်းအင်း ဗျုရို၏ ညွှန်ကြားရေးမှူး Park Yang-soo က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုလ်းမြို့)

Source: The Korea Times, Bank of Korea (BOK)

 

Category: Korea