China(Nanning)

ကုန်သေတ္တာလိုအပ်ချက် လျော့ကျလာစေရန် စီမံဆောင်ရွက်မှုအချို့ကို စတင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ

Last Updated:

မကြာသေးမီက တရုတ်နိုင်ငံအစိုးရ၏ စီမံဆောင်ရွက်ပေးမှုများကြောင့် ကုန်သေတ္တာလိုအပ်ချက်များ တဖြည်းဖြည်းလျော့ကျလာခဲ့ကြောင်းနှင့် ကုန်စည်စီးဆင်းမှုများ ကို မြန်ဆန်လာပြီဖြစ်ကြောင်း သိရပါသည်။

ယခုနှစ် ပထမ (၁၀) လအတွင်း တရုတ်နိုင်ငံဆိပ်ကမ်းများမှ ကုန်သေတ္တာဖြတ်သန်းဆောင်ရွက်ပေးခဲ့မှုမှာ ကုန်စည်တန်ချိန် (၁၂.၈၇) ဘီလီယံခန့်ရှိကာ ယခင်နှစ် ကထက် (၇.၈) ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ထိုကာလအတွင်း ပေ (၂၀) အရှည် ကုန်သေတ္တာအလုံးပေါင်း (၂၃၅) သန်းအထိ ရရှိခဲ့ကာ၊ ယခင်နှစ်ကထက် (၈.၄) ရာခိုင်နှုန်း ပိုမိုခဲ့ပါသည်။။

တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဉီးဆောင်မှုအောက်၌ တရုတ်နိုင်ငံပိုင် ကုန်တင်သင်္ဘောလိုင်းဖြစ်သည့် COSCO သည် ကုန်သေတ္တာအလွတ် (၁၃,၄၆၉) လုံးအား မတ်လအတွင်း ပြည်တွင်းဆိပ်ကမ်းများဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

ကုန်သေတ္တာအသစ်များကို ထုတ်လုပ်သူများကလည်း ထုတ်လုပ်မှုအား အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံတွင် ပေ (၂၀) အရှည် ကုန်သေတ္တာအသစ်ထုတ်လုပ်မှုမှာ အလုံးရေ (၂) သိန်းမှ (၅) သိန်းအထိ တိုးမြင့်ခဲ့ကာ စံချိန်တင်ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ဆိပ်ကမ်းများတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုဖြင့် ကုန်သေတ္တာများ ချောမွေ့စွာစီးဆင်းနိုင်စေရန် ဆောင်ရွက်နေရာ ကုန်သေတ္တာလိုအပ်ချက်များ လျော့ကျလာစေရေးကို ကူညီပေးနိုင်ကြောင်း သိရပါသည်။ ယခုအခါ တရုတ်နိုင်ငံ၏ ကုန်သေတ္တာဆိပ်ကမ်း (၁၀) ခုတွင် အလိုအလျောက်စနစ်ဖြင့် လုပ်ငန်းဆောင်ရွက် နေပြီး၊ အခြားဆိပ်ကမ်း (၇) ခုတွင် အလိုအလျောက်စနစ် ထည့်သွင်းတည်ဆောက်နေဆဲ ဖြစ်ပါသည်။

ယခုနှစ် ပထမ (၁၀ )လအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၃၁.၆၇) ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၉၇ ထရီလီယံခန့်) ရှိခဲ့ကာ ယခင်နှစ်ကထက် (၂၂.၂) ရာခိုင်နှုန်း ပိုမိုခဲ့ပြီး၊ ပို့ကုန်ပိုင်း၌ (၂၂.၅) ရာခိုင်နှုန်း တိုးတက်လာကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၆-၁၂-၂၀၂၁)

Category: China(Nanning)