China(Nanning)

ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ကမ္ဘောဒီးယားနှင့် ကွမ်ရှီးတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်ရန် အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

၎င်းနားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးဌာနနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဌာနတို့အကြား ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Pan Sorasak နှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဋ္ဌ Mr. Lan Tianli တို့၏ ရှေ့မှောက်၌ ဗီဒီယိုမှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါအခမ်းအနား၌ ကမ္ဘောဒီးယားလုပ်ငန်း Hang Harvest Agriculture က Guangxi Rural Investment Group Agricultural Products Business Service သို့ ၂၀၂၂  ခုနှစ်၊ မတ်လမှ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပီလောပီနံစ (chips) တန်ချိန် (၄) သိန်း ရောင်းချမည့်စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။

အခမ်းအနားတွင် ကမ္ဘောဒီးယားဝန်ကြီး Mr. Pan Sorasak က အမှာစကားပြောကြားရာ၌ ကမ္ဘောဒီးယားနိုင်ငံထွက် ဆန်၊ ပြောင်း၊ သရက်သီး၊ ငှက်ပျောသီးနှင့် အခြားလယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို တရုတ်လုပ်ငန်းများက ပိုမိုဝယ်ယူကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဋ္ဌ Mr. Lan Tianli က ပြောကြားရာ၌ လာမည့်ငါးနှစ်အတွင်း အာဆီယံနိုင်ငံများမှ ဒေါ်လာ (၁၅၀) ဘီလီယံတန်ဖိုးရှိ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ဝယ်ယူမှုအပါအဝင် အရည်အသွေးပိုမိုကောင်းမွန်သော ပစ္စည်းများကို တရုတ်နိုင်ငံက  ဝယ်ယူသွားရန် အသင့်ရှိကြောင်း၊ ယခုအခမ်းအနား၌ ပီလောပီနံအစများဝယ်ယူရန် လက်မှတ်ရေး ထိုးခြင်းနှင့် ကုန်သွယ်မှုတိုးမြှင့်ရန် စာချွန်လွှာလက်မှတ်ရေးထိုးခြင်းတို့မှာ ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ရန် ကတိပြုထားသည့် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်း၊ ကွမ်ရှီးဒေသမှ လုပ်ငန်း (၇၁) ခုတို့က ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ (၁၁.၂) ဘီလီယံနီးပါးရှိခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်ကထက် (၃၈) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ကွမ်ရှီးနှင့် ကမ္ဘောဒီးယားတို့၏ ကုန်သွယ်မှုမှာ ဒေါ်လာ (၁၆၆) သန်းရှိခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်ကထက် (၆၃.၈) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ Xinhua (၂၈-၂-၂၀၂၂)

Category: China(Nanning)