China(Nanning)

ကုန်သွယ်ရေးတင်းမာမှုများကို လျော့ချရန် ကနဦးသဘောတူညီချက်တစ်ရပ်အား တရုတ်နှင့် အမေရိကန်တို့ လက်မှတ်ရေးထိုး

Last Updated:

        (၂) နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့် ကုန်သွယ်ရေးတင်းမာမှုကို လျော့ပါးသက်သာ စေမည့် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ဇန်နဝါရီလ (၁၆) ရက်နေ့က တရုတ်နှင့် အမေရိကန်တို့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါသည်။

          ပထမအဆင့် သဘောတူစာချုပ်အရ လာမည့်နှစ်နှစ်အတွင်း တရုတ်က အမေရိကန်မှ ကုန်စည်နှင့် ဝန်ဆောင်မှု အမေရိကန်ဒေါ်လာ(၂၀၀)ဘီလီလံတန်ဖိုး ဝယ်ယူရန်နှင့် အမေရိကန် အစိုးရက ဝေဖန်ထောက်ပြထားသော စီးပွားရေးကျင့်သုံးမှုများကို ပြင်ဆင်ရန်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။ တရုတ်က ဝယ်ယူမည့် အမေရိကန်၏ ကုန်ပစ္စည်းများအပေါ်တွင် ဒေါ်လာ (၃၂) သန်း တန်ဖိုးရှိ  စိုက်ပျိုးရေးဆိုင်ရာထွက်ကုန်များ၊ ဒေါ်လာ (၅၂.၄) သန်း တန်ဖိုးရှိ စွမ်းအင်၊ ဒေါ်လာ (၇၇.၇) ဘီလီယံတန်ဖိုးရှိ စက်မှုထုတ်ကုန်များနှင့် ဒေါ်လာ (၃၇.၉) ဘီလီယံ တန်ဖိုးရှိ ဝန်ဆောင်မှုများပါဝင်ပါသည်။

          ထိုကဲ့သို့ လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံလုံးရှိ စားသုံးသူများနှင့် ကုမ္ပဏီများအပေါ် အကျိုးကျေးဇူးဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး ခိုင်မာသည့် ကမ္ဘာ့ စီးပွားရေးပြန်လည်ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ စားသုံးသူဝယ်လိုအား မြင့်တက်လာကာ ယွမ်ငွေလဲနှုန်း ခိုင်မာလာလျက် ကုန်သွယ်ရေးပိုမို တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ဘေကျင်း အခြေစိုက် China Center for International Economic Exchanges မှ ဒုတိယဥက္ကဌ Mr.WeiJiangguo က မှတ်ချက်ပြုခဲ့ပါသည်။

          ယခုလက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တွင် ပါဝင်သည့်အချက်များကို ဒီဇင်ဘာ လလယ်အတွင်း တရုတ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ထိပ်တန်းကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူ Mr.Liu He နှင့် အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Roer Lighthizer အကြားဆွေးနွေးညှိနှိုင်းပွဲများစွာ ကျင်းပ၍ ရယူခဲ့ခြင်းဖြစ်ပါသည်။

          (၂၂) လတာ ကုန်သွယ်ရေးတင်းမာမှုကြောင့် ပြီးခဲ့သည့်နှစ် ပထမ (၁၁) လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု၌ ယွမ်ငွေ (၃.၄) ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၉၁.၁၂ ဘီလီယံ) သို့ (၁၁.၁) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ တရုတ်မှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုမှာ (၈.၄) ရာခိုင်နှုန်း လျော့နည်းကာ ယွမ်ငွေ (၂.၆၄) ထရီလီယံ သို့လည်းကောင်း၊ အမေရိကန်မှ သွင်းကုန် တင်သွင်းမှုတွင် (၁၉.၅) ရာခိုင်နှုန်းလျော့နည်းကာ ယွမ်ငွေ (၇၆၃) ဘီလီယံ သို့လည်းကောင်း အသီးသီး ကျဆင်းခဲ့ပါသည်။

          ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အမေရိကန်မှ တရုတ်သို့ ပို့ကုန်တင်ပို့မှုမှာ ယမန်နှစ်ထက် (၉.၁) ရာခိုင်နှုန်း မြင့်တက်လာကာ တန်ဖိုး ယွမ်ငွေ (၇၈.၈၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၄၄ ဘီလီယံ) သို့ ရောက်ရှိခဲ့ပါသည်။ အမေရိကန်မှ တရုတ်သို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုတွင် ယွမ် (၁၄.၁) ဘီလီယံ ပါဝင်ခဲ့ကာ ယခင်နှစ်ကထက် (၂၀၀) ရာခိုင်နှုန်း တိုးတက် လာပါသည်။ အလားတူကာလတွင် အမေရိကန်မှ မော်တော်ယာဉ်များကို တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းမှုမှာ ယခင်နှစ်ကထက် (၁၅၀) ရာခိုင်နှုန်း မြင့်လာကာ အစီးရေ(၂၃၀၀၀)ရှိခဲ့ပါသည်။

          တရုတ်နှင့် အမေရိကန်တို့သည် ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးတွင် (၄၀) ရာခိုင်နှုန်း ပါဝင်ကာ၊ တစ်ကမ္ဘာလုံး၏ စက်မှုကုန်ထုတ်လုပ်မှုတွင် (၄၀) ရာခိုင်နှုန်းနီးပါး ပါဝင်ပါသည်။ ထို့ပြင် တစ်ကမ္ဘာလုံးကုန်သွယ်မှု၌ (၂၅) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။

          တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နိုင်ငံရေးနှင့် စီးပွားရေးပုံစံများ ကွဲပြားသော်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးဖြစ်ထွန်းလာစေရန် ထိတွေ့ခံစား နိုင်သောရလဒ်များရရှိစေရေး အတူတကွ ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ရင်းမြစ်- China Daily

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)