Singapore

ကုန်သွယ်ရေးလုပ်ငန်းများကို အထောက်အကူပြုသည့် အီလက်ထရောနစ်ဘဏ်အာမခံကို စင်ကာပူ ဘဏ်များက စတင်ထုတ်ပေးပြီ

Last Updated:

          ကုန်သွယ်ရေးလုပ်ငန်းများက ဘဏ်အာမခံ (Bank Guarantee) ရရှိရန် လျှောက်ထားရသော လုပ်ငန်းစဉ်နှင့် ဘဏ်အာမခံအား စင်ကာပူအကောက်ခွန်သို့ တင်ပြရသည့် လုပ်ငန်းစဉ်များအတွက် အချိန်ကြန့်ကြာမှုများကို လျှော့နည်းသက်သာ သွားစေရန် စင်ကာပူအကောက်ခွန်ဌာန၏ အီလက်ထရောနစ် ဘဏ်အာမခံ အစီအစဉ် (eBG programme) ကို ၂ - ၃ - ၂၀၂၀ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်ရေးအထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းများက ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရန် စင်ကာပူရှိ DBS နှင့် OCBC ဘဏ်တို့က ကြိုးပမ်းလျက် ရှိကြောင်းနှင့် eBG programme အရ ၎င်းတို့၏ ပထမဆုံး အီလက်ထရောနစ်ဘဏ်အာမခံများကို စတင်ထုတ်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

          ထိုအစီအစဉ်အရ ဘဏ်များသည် ကုန်သွယ်မှုလုပ်ငန်းများက လျှောက်ထားလာသော ဘဏ်အာမခံများကို စင်ကာပူအကောက်ခွန်ဌာနသို့ အွန်လိုင်းမှတစ်ဆင့် ပေးပို့နိုင်မည်ဖြစ်ပါသည်။ DBS ဘဏ်က ဤအစီအစဉ်ကြောင့် ယခင်က အလုပ်လုပ်ရက် ၄ ရက်ကြာမြင့်သည့် လုပ်ငန်းစဉ်ကို ၂၄ နာရီထက်နည်းသောအချိန်ဖြင့် ဆောင်ရွက်လာနိုင်ကြောင်းနှင့် OCBC ဘဏ်သည် အလုပ်လုပ်ရက် ၇ ရက်ကြာမြင့်ခဲ့သောလုပ်ငန်းစဉ်ကို ယခုအခါတစ်ရက်တည်းဖြင့် ဆောင်ရွက်လာနိုင်ကြောင်းပြောကြား ကြပါသည်။

    ဤအစီအစဉ်သည် စင်ကာပူသို့ တင်သွင်းသည့် သွင်းကုန်များအတွက် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်စေနိုင်သောအခြေအနေကို လျှော့နည်းသက်သာသွားစေ သည့်အကျိုးကျေးဇူးရှိကြောင်း၊ ယခင်က OCBC ဘဏ်၏ ဖောက်သည်တစ်ဝက်ခန့်သည် ကုန်သွယ်ရေးလုပ်ငန်းအတွက် ဘဏ်ဝန်ဆောင်မှုရရှိရန် လူကိုယ်တိုင် စာရွက်စာတမ်းများဖြင့် ဘဏ်သို့လာရောက်လျှောက်ထားခဲ့ကြရာမှ ယခုအခါဘဏ်၏ အွန်လိုင်းစနစ်မှတစ်ဆင့် လျှောက်ထားမှုများ ပြုလုပ်လာကြကြောင်း၊ ဘဏ် များ၏ Trade Finance လုပ်ငန်းစဉ်အတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းနိုင်ရန် အချိန်ကြာမြင့်မှုရှိခဲ့သော်လည်း ယခုနှစ်အနည်းငယ်အတွင်းမှာပင် တိုးတက်မှု အရှိန်ရရှိလာခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဘဏ်အာမခံထုတ်ပေးမှုအပိုင်းတွင် အပြည့်အဝဒီဂျစ်တယ် အသွင်ကူးပြောင်းဆောင်ရွက်လာနိုင်ခြင်းသည် ကုန်သွယ်ရေး လုပ်ငန်းများအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း OCBC ဘဏ်က ပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times

Category: Singapore