China (HongKong)

ခရီးသွားလုပ်ငန်းများ ကောင်းမွန်စေရန် ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်သည့် နိုင်ငံများအကြား ခရီးသွားလာခွင့်ပြုသင့်ကြောင်း

Last Updated:

COVID-19 ကြောင့် ခရီးသွားလုပ်ငန်းအား ပိတ်သိမ်းလုနီးပါးဖြစ်နေသည့် အခြေအနေမှ ပြန်လည်ကောင်းမွန်လာစေရန် အချိန် လိုအပ်လျက်ရှိရာ COVID-19 ကူးစက်မှုထိန်းချုပ်နိုင်သောနိုင်ငံများနှင့် အသွားအလာကန့်သတ်မှုများ ဖြေလျှော့ပေးပြီး စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ ကောင်းမွန်လာအောင် ‌‌ဆောင်ရွက်ရန် အစီအစဉ် (travel bubbles) ကိုခွင့်ပြုပေးနိုင်ရန် ဟောင်ကောင် ခရီးသွားလုပ်ငန်းမှ ဒေသအစိုးရအားအရေးတကြီး တိုက်တွန်းပြောကြားခဲ့ကြောင်း၊ သို့သော် COVID-19 ကူးစက်မှုထိန်းချုပ်နိုင်သောဒေသများဖြစ်သည့် ဟောင်ကောင်၊ မကာအိုဒေသနှင့် ကွမ်တုံး ပြည်နယ် တို့အကြား၌ပင် အဆိုပါခရီးသွား အစီအစဉ်အား မည်သည့်အချိန်တွင် အကောင်အထည်ဖော်နိုင်မည်မှာ သေချာမှုမရှိသေးကြောင်း၊ ဧပြီလကုန်ကတည်းက အထူးအုပ်ချုပ်ခွင့်ရဒေသနှစ်ခုအကြား ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ရန် ဟောင်ကောင်နှင့် မကာအိုဒေသ အစိုးရတို့အား ခရီးသွား လုပ်ငန်းများမှ တိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အထူးအုပ်ချုပ်ခွင့်ရဒေသနှစ်ခုအကြား ဇွန်လအတွင်း (သို့မဟုတ်) လာမည့်ဇူလိုင်လ၌ ခရီးသွားလာမှုများ ပြန်လည်စတင်ရန် မျှော်လင့်ထားကြောင်း၊ ဟောင်ကောင်ဒေသအစိုးရမှလည်း အထူး အုပ်ချုပ်ခွင့်ရဒေသနှစ်ခုအကြားတွင် သာမက COVID-19 ကူးစက်မှုထိန်းချုပ်နိုင်သောနိုင်ငံများနှင့်လည်း ခရီးသွားလာမှုများ ပြန်လည်စတင်နိုင်ရန် ရှာဖွေနေရာ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ပါဝင်ကြောင်း၊ ‌ဟောင်ကောင်ဒေသ၌ COVID-19 ကူးစက်ခံရသူဦးရေ (၁,၁၀၇) ဦးနှင့် သေဆုံးသူ (၄) ဦးရှိပြီး ၉-၆-၂၀၂၀ ရက်နေ့အထိ ကူးစက်မှုမရှိသည်မှာ (၅) ရက်ရှိပြီဖြစ်ကြောင်း၊ မကာအိုဒေသတွင် ကူးစက်ခံရသူဦးရေ (၄၅) ဦးရှိခဲ့ပြီး သေဆုံးသူ မရှိဘဲ အားလုံးရောဂါပျောက်ကင်းသွားကြောင်း၊ ယခုအခါ ကူးစက်သူတစ်ဦးမှမရှိပါကြောင်း၊ ဒေသအစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန်နည်းလမ်းများ ရှာဖွေနေသော် လည်း အစုလိုက်အပြုံလိုက် ကူးစက်ခံရမှု ရှိခဲ့သောကြောင့် အစီအစဉ် နှောင့်နှေးကြန့်ကြာလျက်ရှိကြောင်း၊ ဒေသအစိုးရမှ ၇-၇- ၂၀၂၀ ရက်နေ့အထိ ခရီးသွားလာမှု ကန့်သတ်ချက်များ ဆက်လက်တိုးမြှင့်ပြီး လူအချင်းခပ်ခွာခွာနေထိုင်မှုများလည်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းများအနေဖြင့် အကျပ်အတည်း ဖြစ်နေကြောင်း၊ အစိုးရမှ ကူးသန်းသွားလာမှုများ ဆက်လက်ပိတ်မည်ဆိုပါက ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ရှင်သန်နိုင်ရန် ရုန်းကန်လှုပ်ရှားနေရမည်ဖြစ်ကြောင်း၊ ခရီးသွားများ ပြန်လည်စတင်သွားလာနိုင်လျှင် မကာအိုနှင့် ကွမ်တုံးပြည်နယ်တို့အကြား ခရီးသွားလုပ်ငန်းများ မြှင့်တင် နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများမှာ လပေါင်းများစွာဝင်ငွေမရှိဘဲ ဒေသအစိုးရ၏ လစာထောက်ပံ့မှုအစီအစဉ်မှာလည်း ခရီးသွား လုပ်ငန်းများ အတွက် အထောက်အပံ့ကောင်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Kathleen Magramo က “Desperate tourism industry pushes for ‘travel bubbles’ ”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

( သံရုံး၊ ဟောင်ကောင်)

Category: China (HongKong)