Thailand

ခိုင်မာသောအစီအမံများမရှိက အလုပ်လက်မဲ့ဉီးရေတိုးပွားမှုပိုမိုဆိုးဝါးနိုင်

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုနှင့် ထိုင်းဘဏ်တို့ပါဝင်သော ပူးတွဲ အမြဲတမ်းကော်မတီ(JSCCIB)က ယခုနှစ်  ပထမနှစ်ဝက်အတွင်း   အလုပ်လက်မဲ့ဉီးရေ (၂.၅) သန်း သို့ ရောက်ရှိခဲ့ကြောင်းနှင့် အကယ်၍ စီးပွားရေးအကျပ်အတည်းများအပေါ် တွန်းလှန်ရန် လှုံ့ဆွအားပေးသော အစီအမံများအနေဖြင့် လုံလောက်သော ခိုင်မာအားကောင်းမှုမရှိပါက နောက်နှစ် တွင်ဆက်လက်၍ တိုးပွားလာလိမ့်မည်ဖြစ်ကြောင်း သတိပေးလျက်ရှိပါသည်။ ထိုအရေအတွက်မှာ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မှတ်တမ်းများအရဖြစ်ပြီး ၎င်းတွင် အလုပ်သမားဉပဒေအရ ခန့်ထားသော လုပ်သား (၇၀၀,၀၀၀)နှင့် အလားတူ တရားဝင်မဟုတ်သော အလုပ်သမားများ နှင့် အလုပ်မှရပ်ဆိုင်းခြင်းခံရသော အလုပ်သမားများပါဝင်ကြပါသည်။

အစိုးရ၏ စီးပွားရေးအပေါ်လှုံ့ဆွသော အစီအမံများမှာ ခိုင်မာအားကောင်းခြင်းမရှိခြင်းနှင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများရှိပါက အလုပ်လက်မဲ့နှုန်းမှာ ပိုမိုတိုးပွားလာနိုင်သည်ဟုမျှော်လင့်ရကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဉက္ကဌ Supant Mongkolsuthree ကဗုဒ္ဓဟူးနေ့ (၉-၉-၂၀၂၀ရက်နေ့)တွင် ကျင်းပခဲ့သောJSCCIB အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းအတော်များများအနေဖြင့် အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့် ပြည်ပတင်ပို့မှုလုပ်ငန်းများတို့တွင် အားနည်းနေဆဲဖြစ်သော်လည်း အချို့မှာတဖြေးဖြေးပြန်လည်နာလန်ထူလာခဲ့ပြီဖြစ်ပါသည်။ မိမိတို့အနေဖြင့် ၂၀၂၁ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း တိုးလာသည်ကိုတွေ့ရလိမ့်မည်ဟု ၎င်းကပြောကြားခဲ့ပါသည်။

Mr.Supant က NPLs ကိန်းဂဏန်းများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်းမရှိဘဲ ပြည်သူများအနေဖြင့် အတိုးနှင့်အရင်းပါ ပြန်မဆပ်နိုင်သောချေးငွေ Non Performing Loan (NPLs) များ တိုးတက်များပြားလာနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း၊ အကြောင်းမှာ ပြည်သူများ အနေဖြင့် ၎င်းတို့ တင်ရှိနေသောကြွေးမြီများကို ပြန်ဆပ်ရန် ငွေမရှိကြသောကြောင့် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းက ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံဖြစ်သောမြန်မာအပါအဝင် အာဆီယံနိုင်ငံများ၌ ကူးစက်မှုနှုန်းမြင့်တက်နေသဖြင့် ဒုတိယ လှိုင်းကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါသည်။ ရောဂါပုံစံအသစ်တစ်ခုက စီးပွားရေးပြန်လည်ရှင်သန်ရန်  ဆောင်ရွက်နေဆဲ ကြိုးပမ်းမှုများကို ထိုးနှက်လိမ့်မည်ဖြစ်ကြောင်း ၊ အစိုးရအနေဖြင့်  ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်ရန် အစီအမံများဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း Mr. Supant က ပြောကြားခဲ့ပါသည်။

အကယ်၍ အာဏာပိုင်များအနေဖြင့် အန္တရာယ်ဖြစ်နိုင်ချေနည်းပါးသောနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများအား ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပေးရန် အစီအစဉ်များကို ဆက်လက်ဆောင်ရွက်လိုပါက ၎င်းတို့အနေဖြင့် ထိုသူများ၏ ကျန်းမာရေးကို ဂရုတစိုက်စစ်ဆေးပြီး တိုင်းပြည်သို့ဝင်ရောက်နိုင်သူများအတွက်ရန် တစ်စုံတစ်ခုသော သတ်သတ်မှတ်မှတ်ဗီဇာကို ထုတ်ပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ထိုင်းကုန်သည်ကြီးများအသင်း ဉက္ကဌ Kalin Sarasin က  JSCCIB အနေဖြင့် စီးပွားရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက်  မလိုအပ်သော ဉပဒေများနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို ပယ်ဖျက်ပေးသင့်ကြောင်း အစိုးရသို့ တောင်းဆိုလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းဖွံ့ဖြိုးတိုးတက်မှုသုတေသနဌာန Thailand Development Research Institute (TDRI) က ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဉပဒေကြမ်းပေါင်း(၁၉၁)ခုကို ထုတ်ပြန်ခဲ့ပြီး စုစုပေါင်းအားဖြင့်(၉၀၀)အထိ ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုအချိန် အတောအတွင်း တော်ဝင်ပြန်တမ်း ၌ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းပေါင်း(၆၆၁)ခုကို ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း (၁၈,၀၀၀)နီးပါးအထိ တိုးတက်ခဲ့ပါသည်။ ထို့အပြင် လွန်ခဲ့သော (၅)နှစ်အတွင်း ကြေငြာချက်ပေါင်း (၁,၁၀၅)နှင့်အတူ တော်ဝင်အမိန့်တော်(၆၂၀)ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။TDRI ကဉပဒေစာအုပ်ပေါင်း(၁၀၀,၀၀၀)ကျော်သည် စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်အဟန့်အတားဖြစ်စေသည်ဟု ခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand