China(Nanning)

ခေါက်ဆွွဲတင်ပို့မှုမြင့်တက်လာသဖြင့် အောင်မြင်မှုအသီးအပွင့်များခံစားလာရသည့် လျိုကျိုး

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့တော်တစ်မြို့ဖြစ်သော လျိုကျိုးမြို့၏ အငွေ့အသက်များကို ခံစားနိုင်သည့် လော်စစ်ဖန် (luosifen) အမည်ရခေါက်ဆွဲကို ပြည်ပသို့တင်ပို့ လျက်ရှိရာ ယခုနှစ် ပထမ (၆) လအတွွင်း သိသာသည့် တိုးတက်မှုများရရှိလာခဲ့ကြောင်း လျိုကျိုး အကောက်ခွန်ဌာနက  ဇူလိုင်လ (၉) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

ယခုနှစ်ပထမ (၆) လအတွင်း လျိုကျိုးမြို့မှ လော်စစ်ဖန်ခေါက်ဆွဲတင်ပို့မှုမှာ ယွမ်ငွေ (၇.၅) သန်း (အမေရိကန်ဒေါ်လာ ၁.၁ သန်း) ခန့်ရှိကာ (၂၀၁၉) ခုနှစ်က စုစုပေါင်း ပို့ကုန်တန်ဖိုးထက် (၈) ဆခန့် တိုးတက်လာခဲ့ပါသည်။

သမားရိုးကျ ပို့ကုန်ဈေးကွက်များဖြစ်သော အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနှင့် အချို့သောဉရောပနိုင်ငံများအပြင် စင်ကာပူနှင့် နယူးဇီလန်အပါအဝင် ဈေးကွက်အသစ်များသို့လည်း အသင့်စား အစားအသောက်အနေဖြင့် တင်ပို့လျက်ရှိပါသည်။

ဟန်လူမျိုး၊ မြောင်လူမျိုးနှင့် သုန်လူမျိုးတို့၏ ရိုးရာဟင်းလျာအား ပေါင်းစပ်ထားသည့် လော်စစ်ဖန်ခေါက်ဆွဲအား မျှစ်ချဉ်၊ ပဲလိပ်ခြောက်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် မြေပဲတို့နှင့် ရေနွေးထဲ တွင် ထည့်ပြုတ်ပြီး မြစ်ခရုဟင်းရည်အား ဟင်းခတ်အဖြစ် ထည့်ချက်ရကာ ဆူပွက်လာသည့်အခါ ချဉ်စူးစူးအနံ့ထွက်ပေါ်လာပါသည်။

(၂၀၀၈) ခုနှစ်တွင် ထိတွေ့နိုင်ခြင်းမရှိသည့် ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ ဖော်ပြခြင်းခံရပြီးနောက် (၂၀၁၂) ခုနှစ်တွင် A Bite of China အမည်ရ နှစ်သက်မှုအရှိဆုံးအစားအစာ ရုပ်ရှင်မှတ်တမ်း အစီအစဉ်တွင် ၎င်းခေါက်ဆွဲအား အသားပေးဖော်ပြခြင်း ခံခဲ့ရပါ သည်။

၎င်းခေါက်ဆွဲ၏ ထူးခြားသောအရသာမှာ အစားအသောက်ခုံမင်နှစ်သက်သူများကို ဆွဲဆောင်နိုင်စွမ်းရှိပြီး၊ တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရောင်းအားအကောင်း ဆုံး အသင့်စား အစားအစာများအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့ပါသည်။

နေ့စဉ်ခေါက်ဆွဲအထုပ်ရေ (၃) သန်းထုတ်လုပ်နိုင်ပြီး၊ ယမန်နှစ်ကထက် (၂) ဆ ပိုမိုထုတ်လုပ်လာနိုင်ခြင်းဖြစ်ကြောင်း လျိုကျိုး မြူနီစီပယ်ကူးသန်းရောင်းဝယ်ရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူး Jia Jiangong က မှတ်ချက်ပြုပြောကြားထားပါသည်။

၎င်းခေါက်ဆွဲအား ပြည်ပမှ အစားအစာခုံမင်သူများ ကြိုက်နှစ်သက်လာစေရန် ပြည်တွင်းထုတ်လုပ်သူများက စီစဉ်ထားကြောင်း၊ ရိုးရာအစားအစာကို မြစ်ခရုဟင်းရည်မှ ပြုလုပ်သော်လည်း ယခုအခါ မူလ အရသာကို ထိန်းသိမ်း၍ အမဲရိုးပြုတ်ရည်ဖြင့်ထုတ်ကုန် အသစ်အဖြစ်ထုတ်လုပ်ထားရာ အလွန်လူကြိုက်များနေကြောင်း Liuzhou Luozhuang -yuan Food Co,မှ ဉက္ကဌ Liu Qingshi က သတင်းဌာနသို့ ဖြေကြားခဲ့ပါသည်။

လော်စစ်ဖန်ခေါက်ဆွဲအား ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးထုတ်လုပ်ရန်အတွက် အရည်အသွေးကောင်းမွန်သည့်ဆန်ကွဲများ ပိုမိုလိုအပ်လာမည်ဖြစ်ပါသည်။ ထိုသို့ဝယ်လိုအားမြင့်လာနိုင်ခြင်းက မြန်မာ နိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍအတွက် သတင်းကောင်းဖြစ်လာနိုင်မည်ဖြစ်ပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၁၄-၇-၂၀၂၀)

Category: China(Nanning)