Singapore

ချေးငွေရယူထားသည့်ကုမ္ပဏီများ၏ ၈၀ ရာခိုင်နှုန်းမှာ အသေးစားနှင့်အငယ်စားလုပ်ငန်းများ ဖြစ်ပြီး လက်ကားကုန်သွယ်ရေးလုပ်ငန်းများက အများဆုံးဖြစ်

Last Updated:

COVID-19 ၏ ဂယက်ရိုက်ခတ်မှုများကို ထူပေနာပေခံနိုင်ရန်အတွက် အစိုးရက ပံ့ပိုးကူညီပေးနေသောအစီအစဉ်များမှ စီးပွားရေးလုပ်ငန်း ၅၀၀၀ ထောင်ခန့်သည် စင်ကာပူဒေါ်လာ ၄.၅ ဘီလီယံနီးပါးကို ချေးငွေရယူခဲ့ပြီးဖြစ်ကြောင်း၊ ငှားရမ်းခနှင့် ဝန်ထမ်း လစာကဲ့သို့သော ကာလတိုစရိတ်များအတွက် သုံးစွဲနိုင်ရန် ချေးငွေ ရယူကြသော ကုမ္ပဏီများပါဝင်သကဲ့သို့ စီးပွား ရေးပြန်လည်နလန်ထူလာမည့်ကာလအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ချေးငွေရယူ၍ ဆောင်ရွက်နေကြသော လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ အဆိုပါကုမ္ပဏီများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် တစ်နှစ်ဝင်ငွေ စင်ကာပူဒေါ်လာ ၁၀ သန်းထက်နည်းသော အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ ချေးငွေရယူကြသော အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအနက်မှ ၂၂ ရာခိုင်နှုန်းမှာ လက်ကားကုန်သွယ်ရေးလုပ်ငန်းများဖြစ်ပါသည်။ ကုန်ထုတ် လုပ်မှုလုပ်ငန်းများက ၁၅ ရာခိုင်နှုန်းနှင့် ဆောင်လုပ်ရေးလုပ်ငန်းများက ၁၄ ရာခိုင်နှုန်းပါဝင်ပြီး၊ ကျန်လုပ်ငန်းများမှာ ဝန်ဆောင်မှုနှင့် လက်လီရောင်းဝယ်ရေးလုပ်ငန်း များကဲ့သို့ အခြားလုပ်ငန်းများဖြစ်ပါသည်။ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိ Enterprise Singapore က ကြီးကြပ်ဆောင်ရွက် သော SME working capital loan နှင့် Temporary Bridging Loan အစီအစဉ်များအရ အစိုးရ သည် ချေးငွေမှပေါ်ပေါက်လာမည့် စွန့်စားမှုများကို ၉၀ ရာခိုင်နှုန်းအထိ တာဝန်ယူမည်ဖြစ်ပါသည်။

ယင်းအစီအစဉ်များဖြင့် ချေးငွေထုတ်ချေးပေးလျက်ရှိသော ဘဏ်များအနက်မှ DBS ဘဏ်က ၎င်း၏ ချေးငွေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် အသေးစားနှင့် အငယ်စား လုပ်ငန်းများသို့ ထုတ်ချေးပေးခဲ့ရပြီး၊ ယင်းအနက် လုပ်ငန်းတစ်ဝက်ခန့်သည် ယခင်က ဘဏ်တွင် ချေးငွေရယူဖူးသောရာဇဝင်မရှိကြောင်း၊ လုပ်ငန်းပေါင်း ၃၅၀၀ ကျော် အတွက် ပျမ်းမျှစင်ကာပူဒေါ်လာ ၂၅၀,၀၀၀ ခန့်ဖြင့် ချေးငွေစုစုပေါင်း စင်ကာပူဒေါ်လာ ၁.၁ ဘီလီယံနီးပါး ထုတ်ချေးသွားရန် သဘောတူပြီးဖြစ်ကြောင်း ပြောကြား ပါသည်။ UOB ဘဏ်ကပြောကြားမှုအရ SME working capital loan အစီအစဉ်မှာ စင်ကာပူဒေါ်လာ ၁ သန်းအထိအများဆုံးရယူနိုင်ပြီး၊ Temporary Bridging Loan အစီအစဉ်မှာ စင်ကာပူဒေါ်လာ ၅ သန်းအထိ ရယူနိုင်သည့်အတွက် လုပ်ငန်း အများစုသည် Temporary Bridging Loan အစီအစဉ်ဖြင့် ချေးငွေလျှောက်ထားမှု ပိုမိုပြုလုပ်လျက်ရှိကြောင်း၊ အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းတစ်ခုလျှင် ပျမ်းမျှအားဖြင့် စင်ကာပူ ဒေါ်လာ ၂ သန်းနှင့် အငယ်စားလုပ်ငန်းများအတွက် လုပ်ငန်းတစ်ခုလျှင် ပျမ်းမျှ စင်ကာပူဒေါ်လာ ၃ သိန်းခန့်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Enterprise Singapore

Category: Singapore