Japan

ဂျပန်စားသောက်ဆိုင်လုပ်ငန်းစုများသည် ပြည်တွင်းစိုက်ပျိုးရေးထွက်ကုန် စားသုံးမှုမြှင့်တင်ရေး ဆောင်ရွက်နေကြခြင်း

Last Updated:

ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်အတော်များများသည် ပြည်တွင်းတွင် စိုက်ပျိုးထားသည့် လတ်ဆတ်သည့် သခွားမွှေးသီးများကို လှပစွာသရုပ်ဖော်ထားသည့် အချိုပွဲများ အဖြစ် စားသုံးသူများထံ မိတ်ဆက်ခြင်းဖြင့် ပြည်တွင်းထွက်စိုက်ပျိုးရေးထွက်ကုန် မြှင့်တင် ရေးဆောင်ရွက်နေကြောင်း သိရပါသည်။

တိုကျိုအရှေ့ပိုင်းဒေသနှင့် ကန်တိုဒေသအနောက်ပိုင်းရှိ Sweets Paradise အမည်ရ အချိုပွဲ ဦးစားပေးရောင်းချသည့် စားသောက်ဆိုင်များသည် “all-you-can-eat” ဟူသည့် အချိုပွဲဘူဖေးပုံစံဖြင့် ဆိုင်သို့လာရောက်ကြသည့် ဧည့်သည်များအား တည်ခင်းဧည့်ခံ ကြကြောင်း သိရပါသည်။ ဇူလိုင်လ ၁၀ ရက်နေ့မှအစပြု၍  အချိန် အကန့်အသတ်ဖြင့် အလှဆင်ထားသည့် သခွားမွှေးသီး အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် သခွားမွှေးသီးအစိတ်များ၊ သခွား မွှေးသီးဖြင့် အထူးပြုလုပ်ထားသည့် ကိတ်မုန့်များ၊ အသီးဖျော်ရည်များနှင့်  အထူးအစီအစဉ်အဖြစ် ဧည့်သည်တစ်အုပ်စုအတွက် သခွားမွှေးသီး အလုံးလိုက်ဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်းသိရပါသည်။

အချိန်အကန့်အသတ်ဖြင့် တည်ခင်းဧည့်ခံသည့် အဆိုပါ  အရောင်းမြှင့်တင်ရေးအစီအစဉ်ကို စက်တင်ဘာလဆန်းအထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟော့ကိုင်းဒိုးစီရင်စုဒေသ၊ ရာမာဂါတာစီရင်စုဒေသနှင့် အခြားသောစီရင်စုဒေသများမှ ထွက်ရှိသည့် သခွားမွှေးသီးများကို အသုံးပြုကာ အရောင်းမြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားနေမှုကြောင့် အခမ်းအနားများ ကျင်းပမှုလျော့ကျသွားသဖြင့် စိုက်ပျိုးရေးထွက်ကုန် အသီးအနှံများ စားသုံးမှု လည်း ကျဆင်းသွားသည့်အတွက် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများကို အားပေးကူညီသည့်အနေဖြင့် ယခုကဲ့သို့ စားသောက်ဆိုင်များတွင် သစ်သီးစားသုံးမှု မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း Sweets Paradise အချိုပွဲစားသောက်ဆိုင်လုပ်ငန်းဆောင်ရွက်နေသည့် Inoue Shoji Co., Ltd. မှ တာဝန်ရှိ သူက ပြောကြားခဲ့ ပါသည်။

Royal Host စားသောက်ဆိုင်သည်လည်း အချိန်အကန့်အသတ်ဖြင့် ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်သည့် သခွားမွှေးသီးများကို အရောင်းမြှင့်တင်ခြင်းအစီအစဉ်ကို ဂျပန်တစ်နိုင်ငံလုံးရှိ ၎င်း၏ ဆိုင်ခွဲများတွင် ဆောင်ရွက်နေပြီး လာမည့် သြဂုတ်လကုန်အထိ ထိုအစီအစဉ်ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Family Restaurant ဆိုင်များသည်လည်း ရေခဲမုန့်၊ ဒိန်ချဉ်တို့နှင့် သစ်သီးများ ရောနှောထားသည့် အချိုပွဲများ ၊ ဟာဝိုင်အီစတိုင်လ် ရေခဲခြစ်များတွင် ပြည်တွင်း ထွက်ကုန် သခွားမွှေးသီးများကို အသုံးပြုကာ အထူးအရောင်းမြှင့်တင်ဆောင်ရွက်နေပါသည်။ အဆိုပါအချိုပွဲများသည် စားသုံးသူအခွန်အပါအဝင် ယန်း ၈၈၀ မှ ယန်း ၈၉၀ အကြားရှိကြောင်းသိရပါသည်။ ကန်တိုဒေသရှိ ၎င်း၏ဆိုင်ခွဲများသည် အီဘာရာခိနှင့် ကူမာမိုတို စီရင်စုဒေသများမှ ထွက်ရှိသည့် သခွားမွှေးသီးများကို အသုံးပြု ရောင်းချနေပြီး အခြားဆိုင်ခွဲများသည် ရာမာဂါတာစီရင်စုဒေသမှ ထွက်ရှိသည့် သခွားမွှေးသီးများကို အသုံးပြုကာ အရောင်းမြှင့်တင်နေကြကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan