Japan

ဂျပန်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် ဒေသထွက်ကုန်များကို အင်တာနက်မှတစ်ဆင့် အရောင်းမြှင့်တင်ဆောင်ရွက်လျှက်ရှိ

Last Updated:

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှု၏ ဂယက်ကြောင့် ခရီးသွားလုပ်ငန်းနှင့် အခြားသောစီးပွားရေးလုပ်ငန်းများထိခိုက်နေရသဖြင့် ဒေသန္တရ အစိုးရအချို့က ၎င်းတို့၏ ဒေသ ထွက်ကုန်ထုတ်လုပ်သူများကို ဝယ်ယူသူများနှင့် အင်တာနက်မှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက် ပေးနေပါသည်။

ဂျပန်နိုင်ငံ၊အနောက်တောင်ပိုင်းရှိ ဖူကူအိုကာခရိုင်သည် ဒေသထွက်အစားအသောက်များ၊ ပရိဘောဂများနှင့် အခြားသောထွက်ကုန်များကို မေလ ၂ ရက်နေ့မှ အစပြုကာ Rakuten အမည်ရ အင်တာနက် စျေးအရောင်းအဝယ် စာမျက်နှာမှ ကြေငြာခဲ့ပါသည်။

ထို့အပြင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဝယ်ယူသုံးစွဲများအကြား ထိုအင်တာနက်မှ စျေးရောင်းချသည့်အစီအစဉ် ရေပန်းစားလာစေရေး ခရိုင်ဘတ်ဂျက်ရန်ပုံငွေကို အသုံးပြုကာ ၃၀% စျေးလျော့ပေးသည့် ကူပွန်များ ထုတ်ပေးသည့်အစီအစဉ်ဖြင့် အရောင်းမြှင့်တင်ရေး  ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အဆိုပါခရိုင်မှ ထုတ်ကုန်များဝယ်ယူရာတွင် အသုံးပြုရန်ပြုလုပ်ထားသည့် ကူပွန်အရေအတွက် တစ်သောင်းစလုံးသည် ၈ နာရီအတွင်းပင် ကုန်သွားခဲ့ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁ ရက်နေ့မှစတင်၍ ကူပွန်များ အမြောက်အများ ထပ်မံထုတ်ပေးရန်စီစဉ်နေကြောင်းသိရပါသည်။

ဂျပန်နိုင်ငံ၊ မြောက်ဘက်စွန်းဒေသရှိ ဟော့ကိုင်းဒိုးခရိုင်သည်လည်း Rakuten နှင့်Yahoo Japan တို့ကဲ့သို့ အင်တာနက်စျေးအရောင်းအဝယ် စာမျက်နှာ များကို အသုံးပြုကာဒေသထွက်ကုန်များ အရောင်းမြှင့်တင်နေသည့် ခရိုင်တစ်ခု ဖြစ်ပါသည်။ အဆိုပါခရိုင်သည် အရောင်းမြှင့်တင်ရေးအစီအစဉ်တစ်ခု ကို ဧပြီလကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး လျော့စျေးကူပွန်များကို မေလ ၁၁ ရက်နေ့မှ စတင်ထုတ်ပေးနေကြောင်း သိရပါသည်။ 

ထို့အပြင် ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်း မီယာဇာကီခရိုင်၊ မီယာကိုနိုဂျိုမြို့သည် ကိုရိုနာကပ်ရောဂါကြောင့် စျေးကွက်လမ်းကြောင်း ပျောက်ဆုံးခဲ့ရသည့် နောက်ပိုင်းဒေသထွက် အစားအစာများနှင့် ထုတ်ကုန်များကို အင်တာနက်မှ တစ်ဆင့်ကြေငြာရောင်းချခဲ့ပါသည်။ ဧပြီလနှောင်းပိုင်းမှ အစပြုကာကုန်ပစ္စည်းအမျိုးစုံပါဝင်သည့် အထုပ်ပေါင်း ၅၀၀၀ ခန့် ရောင်းချခဲ့ရကြောင်း သိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေ ကြေငြာထားပြီး မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြရန် အစိုးရကတိုက်တွန်းထားသဖြင့် စတိုးဆိုင်ကြီးများ ပိတ်သိမ်းထားခြင်းနှင့် ပြည်သူများ ကိုယ်တိုင် ကိုယ်ကျအပြင်ထွက်စျေးဝယ်နိုင်ခြင်းမရှိသဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များ စီမံခန့်ခွဲနေသူများနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက မေးမြန်း စုံစမ်းချိတ်ဆက်ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan