Japan

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဒေဝါလီခံလိုက်ရသည့် ကုမ္ပဏီအရေအတွက် ၁၀၀ ထက်ကျော်လွန်

Last Updated:

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဒေဝါလီခံလိုက်ရသည့် ကုမ္ပဏီအရေ အတွက် ၁၀၀ ထက်ကျော်လွန်လာပြီဖြစ်ကြောင်း သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Tokyo Shoko Research Ltd. က မေလ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ဖေဖော်ဝါရီလကစ၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဒေဝါလီခံလိုက်ရသည့် စီးပွားရေးလုပ်ငန်းအရေအတွက်သည် ယခုအခါတွင် ၁၁၄ ခုရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါ သည်။ ထိုသို့ ဒေဝါလီခံလိုက်ရသည့် ကုမ္ပဏီအရေအတွက် မြင့်တက်လာခြင်းသည် အစိုးရက ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေကြေညာချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မိမိအိမ်၌သာ နေထိုင်ရန် ကန့်သတ်ချက်များ၏ အကျိုးဆက်ပင်ဖြစ်ကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်၌ သုံးသပ်ထောက်ပြထားပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ သက်ရောက်မှုအကျိုးဆက်သည် ဂျပန်နိုင်ငံ၏ များစွာသော စက်မှုလုပ်ငန်းအမျိုးမျိုးတို့ကို ထိခိုက်စေခဲ့ပါကြောင်း၊ ဗိုင်းရပ်စ်ကြောင့် ဆိုးရွားစွာထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ စသည်တို့ပါဝင်ကြောင်း သိရသည်။ မြို့တော်တိုကျိုတွင် ဒေဝါလီခံရသည့် စီးပွားရေးလုပ်ငန်းအရေအတွက် အများဆုံးဖြစ်ပြီး၊ ဟော့ကိုင်းဒိုး၊ ရှီဇူအိုကာနှင့် အိုဆာကာ စီရင်စုဒေသများရှိ စီးပွားရေးလုပ်ငန်းများကိုလည်း ဆိုးရွားစွာ သက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

ဆက်လက်၍ နိုင်ငံအတွင်း ဒေဝါလီခံမည့် ကုမ္ပဏီအရေအတွက် ပိုမို တိုးတက်လာနိုင်ခြေရှိသည့်အတွက် ငွေကြေးအကျပ်အတည်း ကျရောက်နေကြသည့် ကုမ္ပဏီများကို ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက် ပေးရန် အရေးပေါ်လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါသုတေသနအဖွဲ့က ထောက်ပြပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။   The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan,The Japan Times, The Japan News, The Asahi Shimbun, The Nikkei Asian Review, The NHK World,The NNA Asia News.

Category: Japan