Japan

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အချို့သော ဟင်းသီးဟင်းရွက်စျေးနှုန်းများ မြင့်တက်လာခဲ့ခြင်း

Last Updated:

ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း၀န်ကြီးဌာန (MAFF) ၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၆ ရက်နေ့မှ ၈ ရက်အထိ တစ်နိုင်ငံလုံးရှိ လက်လီအရောင်းဆိုင်များတွင် ဟင်းသီးဟင်းရွက်များ စျေးနှုန်းများအပါ် စစ်တမ်း ကောက်ယူခဲ့ သည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း (၈) မျိုးအနက် အာလူးနှင့် ဂေါ်ဖီထုပ်တို့၏ စျေးနှုန်းသည် ပုံမှန် ထက် ပိုမိုမြင့်မားနေပြီး ကြက်သွန်မြိတ်စျေးနှုန်းမှာ  ပုံမှန်နှုန်းသာဖြစ်နေခဲ့ကြောင်းတွေ့ရပါသည်။

စစ်တမ်းကောက်ယူသည့်အချိန်သည် (အထူးသဖြင့်) ကျူရှူးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် သက်ဆိုင်မှုမရှိဟု ယူဆသော်လည်း ၎င်းအခြေအနေသည် အနာဂတ်ကာလတွင် သက်ရောက်မှုတစ်ခုသဖွယ် ဖြစ်လာနိုင်ကြောင်းကို ထည့်သွင်းစဉ်းစားစရာ အချက်တစ်ချက်ဖြစ်လ သည်ဟု သုံးသပ်ကြပါသည်။

ဂျပန် (MAFF)  ၀န်ကြီးဌာနသည် အပတ်စဉ် တစ်နိုင်ငံလုံးရှိ စတိုးဆိုင် ၄၇၀ ၏ လက်လီ ဈေးနှုန်းများကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း သိရပါသည်။ ထိုသို့ကောက်ယူနေရာ ယခု ဇူလိုင်လတွင် အာလူးစျေးနှုန်းသည် ပုံမှန်ထက် ၄၅ % ပိုများလာပြီး တစ်ကီလိုစျေးနှုန်း  ၅၆၇ ယန်း ခန့်ရှိနေကြောင်း တွေ့ရပါသည်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်ကူးစက်မှုများ ပြန့်ပွား လာသည်နှင့်အမျှ ပြည်သူအများစုသည် နေအိမ်တွင် ကိုယ်တိုင်ချက်ပြုတ်စားသုံးမှုများ တိုးပွား လာ၍ ဝယ်လိုအားများ တိုးလာသော်ငြားလည်း စိုက်ပျိုးထုတ်လုပ်မှု နယ်ပယ်တွင်  ရာသီဥတု ဆိုးရွားမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုတို့ကြောင့်  ထောက်ပံ့မှု ပမာဏ ကျဆင်းနေခြင်းဖြစ် ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan