Japan

ဂျပန်နိုင်ငံတွင် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခွင့်ပြုရန် ပြင်ဆင်နေခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ချမှတ်ခဲ့သည့် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကြေညာချက်ကို မေလ ၂၅ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပြီးနောက် လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများကို အဆင့်လိုက် ပြန်လည်လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုသွားရန် ဂျပန် အစိုးရက စီစဉ်နေပါသည်။ ဂျပန်၏ ခရိုင် ၄၇ ခုတွင် နောက်ဆုံးကျန်ရှိနေသည့် ခရိုင် ၅ ခုကို  အရေးပေါ် အခြေအနေကြေညာချက်ကို ရုပ်သိမ်းကြောင်း ဝန်ကြီးချုပ် ရှင်ဇိုးအာဘေးက မေလ ၂၅ ရက် (တနင်္လာနေ့) ၌ ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။  

ကိုရိုနာဗိုင်းရပ်စ် လွှမ်းမိုးနေသည့်  ခေတ်ကာလတွင် ဂျပန်နိုင်ငံ၏  လူနေမှုပုံစံသစ်ကို ဖန်တီးထူထောင်သွားမည်ဖြစ်ကြောင်း  မစ္စတာ အာဘေးက ပြောကြားခဲ့ပါသည်။ ထို့အပြင် အရေးပေါ်ကြေညာချက်ကို ရုပ်သိမ်းလိုက်သော်လည်း ကူးစက်မှုဖြစ်နိုင်သည့်အန္တရာယ်ကို သုညအဆင့်အထိ ဖြစ်သွားရန် လျှော့ချနိုင်မည် မဟုတ်ပါကြောင်းဟုလည်း  ဝန်ကြီးချုပ်က မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ဒေသတစ်ခုချင်းစီတွင် ရောဂါကူးစက်မှု အတိုင်းအတာနှင့် ရောဂါပြန့်နှံ့မှု အန္တရာယ်ဖြစ်နိုင်ခြေရှိမှုများကို အကဲဖြတ်လျှက် ခန့်မှန်းခြေအားဖြင့် သီတင်း ၃ ပတ်ခန့် ခြားပြီး ကန့်သတ် တားမြစ်ချက်များအား ဆက်လက် ဖြေလျှော့သွားရန် ပြင်ဆင်နေကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ဂီတဖျော်ဖြေပွဲများနှင့် ပြပွဲများနှင့်ပတ်သက်၍ တက်ရောက်သူ အရေအတွက်ကို ကန့်သတ်သတ်မှတ်ပြီးမှသာ ကျင်းပဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ပါကြောင်း၊ ကန့်သတ်ချက်များကို အဆင့်လိုက် ဖြေလျှော့သွားမည် ဖြစ်ပါကြောင်း၊  အားကစားပွဲများကို ဇွန်လ ၁၉ ရက်နေ့က စတင်ကျင်းပရန် ခွင့်ပြုသွားမည်ဖြစ်ပြီး ပွဲကြည့်ပရိသတ် အရေအတွက်ကိုလည်း တဖြည်းဖြည်း တိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ မည်သည့်ပမာဏအမျိုးအစားရှိ အားကစားပွဲမျိုးကိုမဆို ဩဂုတ်လ ၁ ရက်နေ့ကစ၍ ပြန်လည်ကျင်းပ ခွင့်ပြုသွားရန် ဂျပန် အစိုးရက စီစဉ်နေကြောင်း သိရပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan