Japan

ဂျပန်နိုင်ငံသည် ၄ နှစ်ဆက်တိုက် ကြွေးမြီအမြင့်ဆုံးစံချိန်သစ်တင်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ ကြွေးမြီသည် ၄ နှစ်ဆက်တိုက် အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ကြောင်း၊ အစိုးရ ကြွေးမြီသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လကုန်တွင် ယန်း ၁၁၁၄.၅၄ ထရီလီယံ (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁၀.၄၅ ထရီလီယံရှိကြောင်း၊ အဆိုပါပမာဏသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကထက် အမေရိကန်ဒေါ်လာ ၁၀၄.၅၄ ထရီလီယံခန့် ထပ်မံ တိုးလာခြင်းဖြစ်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

ဆေးဝါးကုသမှု၊ ပြုစုစောင့်ရှောက်ရေးကုန်ကျစရိတ်၊ သက်ကြီးရွယ်အိုများအတွက် ပင်စင် ပေးငွေအတွက် ကုန်ကျစရိတ်စသည်တို့ တိုးတက်များပြားလာမှုကို ကာမိရန် အစိုးရငွေချေး စာချုပ်များ ထုတ်ပေးခြင်းသည် ယခုကဲ့သို့ ကြွေးမြီများ မြင့်တက်လာရသည့် အဓိကအကြောင်း အရင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါကြွေးမြီများတွင် အစိုးရငွေချေးစာချုပ်များ၏တန်ဖိုး အမေရိကန်ဒေါ်လာ ၉.၂၆ ထရီလီယံ၊ ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျစရိတ်နှင့် ကာလတိုအစိုးရအာမခံစာချုပ် များ တန်ဖိုးအမေရိကန်ဒေါ်လာ ၆၉၇.၆ ဘီလီယံနှင့် ချေးငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၂.၄ ဘီလီယံ ခန့်ပါဝင်ကြောင်း သိရပါသည်။

ဂျပန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဂယက်ကို တုန့်ပြန်ဖြေရှင်းရန် ယခု ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရငွေချေးစာချုပ်များ ပိုမိုထုတ်ပေးရန် စီစဉ်ထားပြီး ပြည်တွင်း စီးပွားရေးကျဆင်းမှုကို တားဆီးရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်ဒေါ်လာ ၂၃၄.၃ ဘီလီယံ တန်ဖိုးရှိသည့် ထပ်ဆောင်းဘတ်ဂျက်ရန်ပုံငွေအတွက် ငွေချေးစာချုပ်များအပေါ် အားပြုနေရကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan