Japan

ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးကထပ်ဆောင်းဘတ်ဂျက်ကိုအမြန်အတည်ပြုပေးရန် တောင်းဆိုခဲ့

Last Updated:

စီးပွားရေးဆိုင်ရာ အရေးပေါ်အခြေအနေအတွက် စီးပွားရေးဆိုင်ရာအားဖြည့်မှုများ အကောင်အထည်ဖော်ရေး ထပ်ဆောင်းဘတ်ဂျက်မူကြမ်းကို အမြန်အတည်ပြု ပေးရန် ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso က လွှတ်တော်အမတ်များကို အဆိုပြု တောင်းဆိုခဲ့ပါသည်။

Mr. Taro Asoက ဧပြီလ ၂၇ ရက်နေ့၊ အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်သည် ပြည်တွင်းနှင့် ပြည်ပစီးပွားရေး လုပ်ငန်းများအပေါ် အကြီးအကျယ်ဂယက်ရိုက်နေပါကြောင်း၊ ထိုသို့စိုးရိမ်ဖွယ်အခြေအနေသည် ကပ်ရောဂါပြန်ပွားမှုများ ပပျောက်သွားသည့်တိုင် ဆက်လက်တည်ရှိ နေမည်ဟုခန့်မှန်းထားပါကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ဗိုင်းရပ်စ်ပိုး ထပ်မံမပြန့်ပွားစေ ရေးကာကွယ်ရန် ခိုင်မာသည့်အစီအမံများ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ရောဂါပိုး ကူးစက်မှု ကို အတတ်နိုင်ဆုံးထိန်းချုပ်သွားနိုင်မည့် ကျန်းမာရေးစောင့် ရှောက်မှုနည်းစနစ်များ အဆင့်မြှင့်တင်သွားမည်ဖြစ်ပါကြောင်းဟု ၎င်းက ပြောဆိုခဲ့ပါသည်။

ဗိုင်းရပ်စ်ဂယက်ကြောင့် ထိခိုက်ခဲ့ရသည့် ကုမ္ပဏီကြီးများအတွက် ဘဏ္ဍာရေးဆိုင်ရာရန်ပုံငွေများ ထောက်ပံ့ခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းစီကို ထောက်ပံ့ငွေထုတ်ပေးခြင်းစသည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း ဖြင့်နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံသားများ၏ စားဝတ် နေရေးဘဝနှင့် အလုပ်အကိုင်များကိုပံ့ပိုးမှုများဖြင့် ကာကွယ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီးပါကလည်း နိုင်ငံ၏စီးပွားရေးကို အလျှင်အမြန် ပြန်လည် နာလန်ထူနိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

 

Category: Japan