Japan

ဂျပန်နိုင်ငံ၊ ရာမာနာရှီစီရင်စုရှိ JA Fruits Yamanashi အထူးစွမ်းအားရှိငှက်သတ္တဝါ၏ ပုံရိပ်ရိုက်နှိပ်ထားသည့် မက်မွန်သီးများ ဖြန့်ဖြူးကာ အရောင်းမြှင့်တင်နေ

Last Updated:

ဂျပန်နိုင်ငံ၊ ရာမာနာရှီစီရင်စုမှ ဒေသခံ သစ်သီးကုမ္ပဏီတစ်ခုဖြစ်သည့် JA Fruits Yamanashi သည် COVID-19  ပြန့်ပွားမှု တားဆီးကားကွယ်ရေး လှုပ်ရှားမှုတစ်ခုအဖြစ်  မက်မွန်သီးအခွံပေါ်တွင် “Yogen no tori (a bird of prophecy)” ဟူသည့် ငှက်ပုံရိပ်ကို တံဆိပ်ရိုက်နှိပ်ကာ ဖြန့်ဖြူး ရောင်းချနေကြောင်း သိရပါသည်။ 

“Yogen no tori” ဆိုသည်မှာ ဂျပန်ဒဏ္ဍာရီတွင် ဦးခေါင်းနှစ်ခုပါ ငှက်တစ်မျိုးဖြစ်ပြီး နာမကျန်းမှုများ ပပျောက်စေနိုင်သည့် သက်ရှိသတ္တဝါဟု ယုံကြည်ကြကြောင်းသိရပါသည်။ JA ကုမ္ပဏီအနေဖြင့် ကမ္ဘာတလွှား လက်ရှိပြန့်ပွား နေသည့် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုဒဏ် ခံစားနေရသူများကို အားပေးနှစ်သိမ့်ရန်နှင့် ဂျပန်ပြည်တွင်းထွက် ရာသီပေါ်သီးနှံများ ဝယ်ယူ စားသုံးမှုမြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

JA ကုမ္ပဏီသည် ၎င်း၏ စိုက်ပျိုးရေးနည်းပညာတစ်ခုကို အသုံးပြုကာ ဒေသထွက် “Natsukko” အမည်ရ အဖြူရောင်မက်မွန်သီးများအပေါ် အဆိုပါ Yogen no tori ငှက်ရုပ်ပုံရိပ်ကို ရိုက်နှိပ်ပြီး အရောင်းမြှင့်တင်ခြင်းဖြစ်ပါသည်။

ရာမာနာရှိစီရင်စုရှိ အီချီဂါဝါကျေးရွာနေထိုင်သူ Kizaemon ဟူသည့် စာရေးဆရာ တစ်ဦးက အီဒိုခေတ်နှောင်းပိုင်း၌ “Yogen no tori” ဒဏ္ဍာရီ ပုံပြင်ကို “Boshabyo Ryoko Nikki” ဂျာနယ်တွင် ရေးသားခဲ့ကြောင်း သိရပါသည်။  အဆိုပါ စာရေးဆရာက ဦးခေါင်းနှစ်ခွပါရှိပြီး အဖြူနှင့်အနက်ရောင်ရှိသည့် ခန္ဓာကိုယ်ဖြင့် လျှို့ဝှက်ဆန်းကျယ်သည့် Yogen no tori ငှက်ကို ကာဂါဒေသ (ယခု အီရှိကာဝါစီရင်စု) တွင်တွေ့ရှိခဲ့ရကြောင်း ရေးသားဖော်ပြထားပါ သည်။

JA ကုမ္ပဏီမှ တာဝန်ရှိသူ Mariko Aoki က ၎င်းတို့ဖြန့်ဖြူးရောင်းချနေသည့် Yogen မက်မွန်သီးများက လက်ရှိ COVID-19 ကပ်ရောဂါ ပြန့်ပွား နေခြင်းကြောင့် စိတ်ဓာတ်ကျ အားငယ်နေကြသည့် ပြည်သူများအား နှစ်သိမ့်အား ပေးရန် ရည်ရွယ်ကြောင်းဆိုပါသည်။

ရာမာနာရှီစီရင်စု၏ အဓိကစိုက်ပျိုးရေးထွက်ကုန်အရောင်းဆိုင် ၂ ခုဖြစ်သည့် ရာမာနာရှီ မြို့ရှိ Yawata Shop နှင့် ကိုဖူးမြို့ရှိ Katsunuma Shop တို့သည် သြဂုတ်လလယ်ခန့်မှစတင်၍ အဆိုပါမက်မွန်သီးများကို စတင်ရောင်း ချခဲ့ပါကြောင်း၊ စျေးနှုန်းမှာ တစ်လုံးလျှင် ယန်း ၁၀၀၀ နှုန်းရှိကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ

Category: Japan