Japan

ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ ဆိုးရွားသော ရေလွှမ်းမိုးမှုများသည် ကျူးရူးကျွန်း အခြေစိုက် စက်မှုလုပ်ငန်းများအပေါ် ပြင်းထန်စွာ ထိခိုက်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်ရုံများအတွင်း ရေများဝင်ရောက်ခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းနှင့်လမ်းများ ရေဖုံးလွှမ်းပျက်စီးခြင်း စသည်တို့ကြောင့် ဇူလိုင်လ ၇ အစပြု၍ ကျူးရှူးကျွန်းပေါ်ရှိ စက်ရုံများကို ပိတ်သိမ်းရန် တိုက်တွန်းခဲ့ကြောင်းသိရပါသည်။

ဂျပန်အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ဇူလိုင်လ ၈ ရက်နေ့မှစ၍ မိုးသည်း ထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ အိုဆာကာနှင့် နာဂိုယာဒေသများတွင် ပိုမိုထိခိုက်နိုင်ပါကြောင်း၊ စက်ရုံ/အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် နိုင်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက သတိပေးချက် ထုတ်ပြန်ထား ပါသည်။

ပိတ်သိမ်းရန် ကျန်ရှိနေသည့် ဖူကူအိုကာ စီရင်စုရှိ တိုရိုတာမော်တာ၏ စက်ရုံ ၃ ရုံကို ဇူလိုင်လ ၇ ရက်နေ့က ပိတ်သိမ်းရန် ထပ်မံတိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါ သည်။ အဆိုပါ စက်ရုံများသည် Lexus ဇိမ်ခံကားအမျိုးအစားများနှင့် ဂျပန်နိုင်ငံ၏ အခြားသော ထိပ်တန်းအော်တိုကားများကို ထုတ်လုပ်နေသည့် စက်ရုံများဖြစ်ကြပါသည်။ တိုရိုတာမော်တာ၏ လက်အောက်ခံ စက်ရုံအခွဲတစ်ခုဖြစ်သည့် Daihatsu Motor သည်လည်း ၎င်း၏ ထုတ်လုပ်မှုများကို ရပ်ဆိုင်းထား ကြောင်းသိရပါသည်။

ရေကြီးမှု၊ မြေပြိုမှုများကြောင့် ကျူးရှူးကျွန်းပေါ်ရှိ စက်ရုံအများစုမှာ ပိတ်သိမ်းထားပြီး လူပေါင်း ၅၀ ဦးကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရပါသည်။ ကျူးရှူးကျွန်း သည် ဂျပန်နိုင်ငံ၏ အထင်ကရ ကုန်ထုတ်လုပ်ငန်းများ အခြေစိုက်ရာနေရာဖြစ်ပြီး ၂၀၁၆ ခုနှစ်က အင်အားကြီး ငလျင်ဒဏ်ကိုပါခံစားခဲ့ရသည့် ဒေသတစ်ခုလည်း ဖြစ်ပါသည်။

ဖူကူအိုကာစီရင်စု၊ မြို့တော် အိုမုတာရှိ Mitsui Mining & Smelting စက်ရုံသည် ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရကြောင်း၊ ရေလွှမ်းမိုးမှုကြောင့် ထရန်စဖော်မာ စက်ရုံသည် အလုပ်မလုပ်နိုင်တော့ဘဲ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေ ရကြောင်းသိရပါသည်။ ထို့ အပြင် ဖူကူအိုကာစီရင်စုရှိ အိမ်သာသုံးပစ္စည်းများ ထုတ်လုပ်သည့် Toto ကုမ္ပဏီမှ စက်ရုံသည် လည်း ရေလွှမ်းမိုးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ရပါ ကြောင်း ဆိုပါသည်။

ဒစ်ဂျစ်တယ်ကင်မရာများ ထုတ်လုပ်သည့် Canon ကုမ္ပဏီ၏ နာဂါစာကီမြို့ရှိ စက်ရုံ သည် လည်း လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ငန်း လည်ပတ်မှုရပ်နားထားရပါကြောင်း၊  ခူမာမိုတိုစီရင်စုရှိ Panasonic ကုမ္ပဏီ၏ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံသည်လည်း ထုတ်လုပ်မှုများ အားလုံးရပ်ဆိုင်းထားရပါကြောင်းသိရပါသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းများအတွင်း ရေလျှံခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းများဖြစ်ပေါ်နေသည့် အတွက် ဂျပန်နိုင်ငံ၏ စာတိုက်နှင့် ပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်ကြသည့် Japan Post ၊ Nippon Express နှင့်Yamato Transport လုပ်ငန်းများအားလုံး ရပ်တန့် နေကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

 

 

 

 

Category: Japan