Japan

ဂျပန်နိုင်ငံ၊ အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်း (JNTO) က ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်စေရန် three-steps လမ်းပြမြေပုံကို ဖော်ဆောင်ခဲ့ခြင်း

Last Updated:

လက်ရှိကမ္ဘာတစ်လွှား ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားမှုသည် နိုင်ငံ တကာခရီးသွားလုပ်ငန်း၏ အနာဂတ်ကို မရေမရာဖြစ်နေချိန်တွင် ဂျပန်နိုင်ငံ၊ အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်း (JNTO) သည် လက်ရှိ၌ နိုင်ငံတကာခရီးသွား လာရောက်မှု အကြီးအကျယ်ကျဆင်းနေသည့် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်စေရန် three-steps လမ်းပြမြေပုံကို အကြံပြုဖော်ဆောင်ခဲ့ပါသည်။

အဆိုပါ အဆင့် ၃ ဆင့်ပါရှိသည့် လမ်းပြမြေပုံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များအပေါ် မူတည်ပြီး တိုးမြှင့်ဆောင်ရွက်မည့် အချက်များကို အောက်ပါ အတိုင်းအကြံပြုဖော်ဆောင်ထားပါသည် -

အဆင့် (၁) ။   ခရီးသွားလုပ်ငန်းကန့်သတ်ချက်များသည် ဂျပန်နှင့် ကမ္ဘာတစ်ဝှမ်းတွင် သက်ရောက်ဆဲ ဖြစ်နေသည့် အခြေအနေပေါ် မူတည်၍ -

  1. ဂျပန်နိုင်ငံကို ချစ်ခင်နှစ်သက်သူများထံ social networking service (SNS) မှတဆင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သတင်းအချက်အလက်များ မပြတ် ပေးပို့ရန်၊
  2. စီးပွားရေးလုပ်ငန်းများအချင်းချင်း (BtoB) အွန်လိုင်းအသုံးပြု ဆွေးနွေးမှုများမှ တဆင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သတင်းအချက်အလက်များဖြန့်ဝေ ရန်၊

          JNTO အနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်လိုသည့် ခရီးသွားများကို လက်တွေ့ကျကျ ခံစားရနိုင်မည့် ခရီးသွားအခွင့်အလမ်းများကို ပံ့ပိုးပေးရန်နှင့် ၎င်းတို့နှင့် နီးနီးကပ်ကပ် နက်ရှိုင်းစွာချိတ်ဆက်ဆောင်ရွက်ခြင်းများဖြင့် ဆောင်ရွက်နေပါသည်။

အဆင့် (၂) ။ ဂျပန်နှင့် အခြားကမ္ဘာ့နိုင်ငံများတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည် ဖွင့်လှစ်ရန်နှင့် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို အဆင့်အလိုက် ဖြေလျော့ ဆောင်ရွက်ရန်၊

  1. အဆင့် (၁) တွင် ဆောင်ရွက်မည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အချက်အလက်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် လုံခြုံမှုရှိသည့် သတင်းအချက်အလက်များအဖြစ် ဆောင်ရွက်ရန်၊
  2. ပြည်တွင်းရှိ Destination Marketing Organization (DMOs) များအား နည်းလမ်း သစ်ဖော်ဆောင်ရန် ထုတ်ကုန်အသစ်များ တီထွင်ဖန်တီးဆောင်ရွက် နိုင်ရေး ပံ့ပိုးပေးရန်၊
  3. ဂျပန်နိုင်ငံရှိ ခရီးသွားလာရေးဆိုင်ရာ နေရာဒေသများကို နည်းလမ်းအသစ်နှင့်အညီ ခရီးသွားများအား ဆွဲဆောင်မှုရှိစေရေး ဆောင်ရွက်ရန်၊

JNTO က လုံခြုံစိတ်ချရမှုရှိသည့် သတင်းအချက်အခိုင်အမာပံ့ပိုးပေးနိုင်ခြင်းသည် ပြည်တွင်းခရီးသွားစျေးကွက် ပြန်လည်ဖွံ့ဖြိုးလာမှုအတွက် အဓိကကျသည်ဟူသည့်အချက်ကို ကောင်းစွာသတိပြုမိပြီး ဒေသခံခရီးသွားလုပ်ငန်းအစုအဖွဲ့များထံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတားဆီးကာကွယ်ရေးသတိပေးချက် စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာရန် သတင်းအချက်အလက်များပေးပို့သွားမည်ဖြစ်ပါသည်။

အဆင့် (၃) ။  ကမ္ဘာတစ်ဝှမ်းတွင် ခရီးသွားလုပ်ငန်းကန့်သတ်ချက်များ ဖြေလျော့ဆောင်ရွက်မှု

  1. ဖော်ပြပါအဆင့် ၁ မှ ၅ အထိ ဆောင်ရွက်ရန်အချက်များကို ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆောင်ရွက်မှုများကို ခရီးသွားကုမ္ပဏီများ (သို့မဟုတ်) လေကြောင်း လိုင်းများနှင့် ပူးပေါင်းကာ ပြန်လည်စတင်အကောင်အထည်ဖော်ရန်၊
  2. သတင်းမီဒီယာများ၊ နိုင်ငံခြားခရီးသွား လုပ်ငန်းအေဂျင်စီများ (သို့မဟုတ်) social networking service (SNS) အသုံးပြုဆောင်ရွက်သူများကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ရန်၊

JNTO က တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းသည် မီဒီယာများနှင့် ပိုမိုထိတွေ့မှုကို ရရှိနိုင်သည့်ကောင်းကျိုးကို ရရှိနိုင်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းပြန်လည် နိုးထရှင်သန်လာရန် ကနဦး အစပျိုးမှုသဖွယ် ဆောင်ရွက်နိုင်မည်ဟု ယူဆပါကြောင်း ဆိုပါသည်။ သို့သော် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းကာလအထိ JNTO အနေဖြင့် လမ်းပြမြေပုံ၏ အဆင့်(၁) ကိုသာ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ အဆင့် (၃) သို့ ရောက်ရှိရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်းခရီးသွား လုပ်ငန်းစျေးကွက်အခြေအနေနှင့် စျေးကွက်တစ်ခုချင်းစီ၏ လှုပ်ရှားဆောင်ရွက်မှု အခြေအနေများအပေါ် တုန့်ပြန်အကဲဖြတ်နိုင်ရေးအတွက် JNTO အနေဖြင့် အနာဂတ်ခရီးသွားလုပ်ငန်းမြှင့်တင်မှုအဆင့်တိုင်းတွင် လိုအပ်သည့်ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan