Japan

ဂျပန်နှင့်ဗြိတိန်တို့အကြား Brexit အလွန်ကာလအတွက် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် စတင်ဆွေးနွေးခဲ့

Last Updated:

ဂျပန်အစိုးရနှင့် ဗြိတိန်အစိုးရများအကြား ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ပြီးနောက်ပိုင်း ကုန်သွယ်ရေးသဘောတူညီချက်အသစ်များ ညှိနှိုင်းဆွေးနွေးရေး စတင်ဆွေးနွေးခဲ့ကြပါသည်။  နှစ်နိုင်ငံစလုံးအနေဖြင့် ယခုနှစ်အကုန်တွင် အကျိုးသက်ရောက်မှုရှိမည့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်ကို လာမည့်နွေရာသီခန့်တွင် စတင်အကောင်အထည်ဖော်ရန် မျှော်လင့်နေကြပါသည်။ အဓိကရည်မှန်းချက်မှာ ဂျပန်မှ ဗြိတိန်သို့ တင်ပို့သည့် မော်တော်ကားနှင့် ၎င်းနှင့်ဆက်စပ်ပစ္စည်းများအတွက် အကောက်ခွန်နှုန်းဆိုင်ရာကိစ္စနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုပိုင်း သဘောတူညီချက်ကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Toshimitsu Motegi နှင့် ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ အတွင်းဝန်ဖြစ်သူ Ms. Liz Truss တို့သည် အင်တာနက်မှတစ်ဆင့် ဆွေးနွေးခဲ့ကြပြီး ယခုအကောင်အထည်ဖော်ရန် ပြင်ဆင်နေသည့် သဘောတူညီချက်သည် ဗြိတိန်နှင့် ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်ဆက်ဆံမှုကို ထပ်မံချဲ့ထွင်မည့် ကိစ္စရပ်ဖြစ်ပါကြောင်း Ms. Liz Truss က ပြောကြားခဲ့ပါသည်။ Mr. Toshimitsu Motegi ကလည်း အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံအကြား ကိုရိုနာကပ်ဘေးအလွန်ကာလအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုစေမည့် အချက်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်နှင့် ဥရောပသမဂ္ဂအကြား လက်မှတ်ရေးထိုးထားသည့် စီးပွားရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (EPA) ကို ဂျပန်နှင့် ဗြိတိန်တို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ကျင့်သုံးဆောင်ရွက်နေကြပါသည်။ ယခု နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက်ကိုလည်း လာမည့် ဒီဇင်ဘာလကုန်ခန့်တွင် လက်မှတ်ရေးထိုးနိုင်ရန် ဂျပန်အစိုးရက လွှတ်တော်သို့ တင်ပြခွင့်ပြုချက်ရယူရေး ပြင်ဆင်ဆောင်ရွက်နေပါသည်။

ဂျပန်နိုင်ငံမှ ဗြိတိန်နိုင်ငံသို့ နှစ်စဉ်ပို့ကုန်တင်ပို့မှုမှာ ယန်း ၁.၅ ထလီရီယံ (အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ) ခန့်ရှိပြီး  ဥရောပဒေသအတွင်း ဂျာမနီပြီးနောက် ဒုတိယမြောက် ပို့ကုန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပါသည်။ အဓိက ပို့ကုန်မှာ မော်တော်ကားနှင့် မော်တော်ကား ဆက်စပ်ပစ္စည်းများ ဖြစ်ကြပါသည်။

ဂျပန်နှင့် ဥရောပသမဂ္ဂအကြား လက်မှတ်ရေးထိုးထားသည့် စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (EPA) အရ ဂျပန်၏ ခရီးသည်တင် မော်တော်ကားများ ဗြိတိန် သို့ တင်ပို့မှုတွင် အကောက်ခွန်နှုန်း ၇.၅ % သို့ လျော့ချခဲ့ပြီး အကယ်၍ ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ နှုတ်ထွက်ခြင်းမပြုပါက အဆိုပါ (EPA) အရ စာချုပ်သက်ဝင်ပြီး ၈ နှစ်မြောက် အချိန်တွင် အကောက်ခွန်နှုန်းသည် သုည (၀ %) အဖြစ်ရောက်ရှိမည်ဖြစ်ပါသည်။

ထို့အပြင် နှစ်နိုင်ငံအကြား သတင်းအချက်အလက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒေတာအချက်အလက်ဆိုင်ရာ သဘောတူညီချက်ကို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး လမ်းစဖော်ထုတ်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက် နည်းပညာအတွက် စည်းမျည်းများ လွယ်ကူချောမွေ့စေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဗြိတိန် အနေဖြင့် ဂျပန်အပါအဝင် လက်ရှိ ၁၁ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ပစိဖိတ်ဖြတ်ကျော်နိုင်ငံများ ကုန်သွယ်ရေးအဖွဲ့ (TPP) တွင် ပူးပေါင်းပါဝင်ရေးကိုလည်းစိတ်ပါဝင်စားပါကြောင်း၊ ဂျပန်ဘက်မှလည်း (TPP) အဖွဲ့တွင် ဗြိတိန်ပါဝင်လာပြီး ပိုမိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ရန် မျှော်လင့်နေပါကြောင်း သိရပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan